Pages

Wednesday, August 26, 2015

ငရုတ်ကောင်း ဆေးဖက်ဝင်ပုံ


ငရုတ်ကောင်း ဆေးဖက်ဝင်ပုံ

ကြည်မြင့်လွင် (မုဒြာ)


အစားမှားပြီး ကြို့ထိုးနေသူ တစ်ဦးကို အသက်ကြီး အဖိုးတစ်ဦးက ရှေးနည်းဟု ဆိုကာ ငရုတ်ကောင်းစေ့ ကို အပ်ဖျားတွင် စိုက်ပြီး ဖယောင်းတိုင် မီးဖြင့်ကင်သည်။ ငရုတ်ကောင်း စေ့သည် မီးလောင်ပြီး အခိုးငွေ့များ ထွက်လာသည်။ ထိုအငွေ့ များကို ရှူရှိုက်ခိုင်းရာ မကြာမီ ကြို့ထိုး ပျောက်သွား သည်ဟု ကိုယ်တွေ့ကြုံ သူက ပြောပြ၍ သိရသည်။

နှာခေါင်းသွေး လျှံသူကို နွားနို့တစ်ခွက် တွင် ငရုတ်ကောင်း အမှုန့် ရောဖျော်ပြီး တိုက်သောအခါ နှာခေါင်းသွေး လျှံ ရပ်သွားသည် ဟုသိရသည်။ ထူးခြားသော ငရုတ်ကောင်း အသုံးပြုသည့် ဆေးမြီးတို များဖြစ်ပြီး ရှေးက လူကြီးများ လက်ဆင့်ကမ်း ခဲ့ကြသည်။ ရိုးရာနည်း (Traditional Method) ဖြစ်သည်။ သိပံ္ပနည်း ကျသည်၊ မကျသည် မသိသော်လည်း တိုက်ဆိုင်သူများ အမှန်တကယ် ပျောက်ကင်းသော အလွယ်နည်းများ ဖြစ်သည်။ 

ငရုတ်ကောင်း ဟူသည် ဟင်းခတ် အမွှေးအကြိုင် အဖြစ်သာ သုံးကြပြီး အရေးပေါ် ဆေးမြီးတို အဖြစ် သုံးနိုင်သည်ကို သိရှိသူ နည်းမည် ထင်သည်။ ငရုတ်ကောင်း ပင်၏ မူရင်း ထွက်ရှိရာ ဒေသမှာ အိန္ဒိယနိုင်ငံမှ ဖြစ်သည်ဟု မြန်မာ့ စွယ်စုံကျမ်းတွင် ဖော်ပြသည်။ ကမ္ဘာသစ် ရှာဖွေသူ ကိုလံဘတ် သည် အိန္ဒိယနိုင်ငံမှ သစ်ကြံပိုး၊ ငရုတ်ကောင်း နှင့် လေးညှင်း တို့ကို ၁၄၉၂ ခုနှစ်ကပင် သယ်ယူ ခဲ့သည်ဟု မှတ်တမ်းများ ရှိပြီး ၁၆ ရာစုတွင် ဥရောပတိုက်၊ အင်္ဂလန် နှင့် အရှေ့ အလယ်ပိုင်း နိုင်ငံများထိ ဟင်းခတ် အမွှေးအကြိုင် အဖြစ် ကုန်သွယ်ခဲ့ကြ သည်ဟု ဆိုသည်။

အရှေ့တောင်အာရှ ကမ်းရိုးတန်း ရှိသော နိုင်ငံများနှင့် မြန်မာနိုင်ငံ တွင် ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် တနင်္သာရီ ကမ်းရိုးတန်း တို့တွင် ငရုတ်ကောင်းပင် များသည် အလေ့ကျ ပေါက်သည်ဟု ဆိုသည်။ ငရုတ်ကောင်း ပင်သည် အမြဲစိမ်းသော ပင်စည်ရှိ၍ အဆစ်များပါရှိ ကာ ကွမ်းပင်နှင့် သဏ္ဌာန်တူသည့် နွယ်ပင်မျိုး ဖြစ်ပြီး အခြားအပင် ကို နွယ်တက်ရာ အမြင့်ပေ ၂ဝ ထိအောင် တက်သည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံမှ အခြေခံ လာသော အာယုဗ္ဗေဒ ဆေးပညာတွင် 'တြိကဋုက်သုံးပါး' အစပ်မျိုး သုံးပါးဟူ၍ ရှိသည်။ ထိုသုံးပါးမှာ ငရုတ်၊ ပိတ်ချင်းနှင့် ချင်း တို့ဖြစ်သည်။ ဆေးဖက်ဝင် အစပ် သုံးမျိုးတွင် ငရုတ်သီး မပါသည်ကို တွေ့ရသည်။ အထက်ပါ အစပ်သုံးပါး ပါဝင် သော ဆေးများသည် အပူဆေး (ဆေးပူ)များ ဖြစ်သည်။ အခိုးပွင့် စေသော ဆေး၊ ချွေးထွက်ပြီး အဖျားကျ စေသောဆေးများ ဖြစ်သည်။ အစာကြေဆေး၊ ဝမ်းမီးတောက် ဆေးများတွင် ငရုတ်ကောင်း ပါဝင်သည်။

ရှေး ဆေးကျမ်းများ အလိုအရ ငရုတ်ကောင်းကို မိခင်နို့ထွက် ဆေးအဖြစ် အသုံးပြုသည်ကို တွေ့ရသည်။ ဟင်းခါး တစ်မျိုးမျိုး ချက်ပြီး ငရုတ်ကောင်း အမှုန့်ခတ်ကာ တိုက်ခြင်းဖြင့် နို့ထွက်စေသည် ဟု ဆိုသည်။ အစပ် အမျိုးမျိုးသည် ဆီးကို ပူစေတတ် သော်လည်း ငရုတ်ကောင်း သည် ဆီးပူရောဂါကို သက်သာ စေသည်။ ငရုတ်ကောင်း အပူ အစပ်သည် မျက်စိကိုလည်း မထိခိုက် စေနိုင်ဟု ဆိုသည်။ ငရုတ်ကောင်း အမှုန့်ကို ပျားရည်နှင့် ရောစပ်ပြီး လျက်ပေးပါက ရင်ချောင်စေပြီး ချောင်း အဆက်မပြတ် ဆိုးသောရောဂါ၊ သလိပ်မရ သော ပန်းနာရင်ကျပ် ရောဂါများကို သက်သာ စေနိုင်သည်။ ငရုတ်ကောင်း မှုန့်ကို နွယ်ချိုနှင့် ရောပြီးလျက်ပေး ပါက လေထိုး လေအောင့် ရောဂါ အစာအိမ်ရောဂါ များ ပျောက်ကင်း စေနိုင်သည်။

မီးတွင်းဆေး အဖြစ် ငရုတ်ကောင်းကို ချင်း၊ ပိတ်ချင်းသီး၊ ရင်းပြား၊ ကန့်ချုပ်နီ၊ မဟာဂါ၊ ဒန့်သလွန်မြစ် တို့နှင့်အတူ ပေါင်းစပ်၍ ဆေးဖော် သည်ကို တွေ့ရသည်။ မီးယပ်ချမ်းတုန် ဖျားများအတွက် ကောင်းသည်။ သွေးတက်ပါက နနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့် ပါသော ဆေးကို ဆတူစပ်ပြီး နှာခေါင်း အတွင်းသို့ မှုတ်သွင်း ခြင်းဖြင့် အတက်ကျ စေနိုင်သည်။

ပဋိသန္ဓေရှိလျက် သွေးဆင်းသော ရောဂါတွင် ငရုတ်ကောင်းနှင့် စမုန်နက်၊ ပိတ်ချင်း၊ ဒန့်သလွန်မြစ်၊ ဥသျှစ်ကင်း၊ မိဿလင်၊ ဆောင်းမေးခါး ရောစပ်ပြီး ဆေးဖော်စပ်၍ ပျားရည်နှင့် ရောပြီး တိုက်လျှင် ပျောက်သည်ဟု မြန်မာ့ဆေးကျမ်း များတွင် တွေ့ရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၅)

#Yadanarpondaily

No comments:

Post a Comment