Pages

Friday, July 10, 2015

တောင်ကိုရီးယားနိုင်ငံ မှိုစိုက်ပျိုးရေး လုပ်ငန်းရှင်များ အသင်းမှ မြန်မာနိုင်ငံ၌ မှိုစိုက်ပျိုးသူများအား မှိုစိုက်ပျိုးနည်း သင်တန်း ပို့ချပေးမည်



ရန်ကုန် ၊ ၁ဝ-၇-၂ဝ၁၅

တောင်ကိုရီးယား နိုင်ငံရှိ မှိုစိုက်ပျိုးရေး လုပ်ငန်းရှင်များ အသင်းမှ မြန်မာနိုင်ငံရှိ မှိုစိုက်ပျိုးရေး လုပ်ငန်းရှင်များ အရည်အသွေး ပြည့်ဝသည့် မှိုများ စိုက်ပျိုး၍ ပြည်ပသို့ တင်ပို့ ရောင်းချနိုင်ရန် တောင်ကိုရီးယား နိုင်ငံ၌ အောင်မြင်လျက် ရှိသည့် မှိုစိုက်ပျိုး နည်းများကို ယခုလ ဒုတိယပတ်တွင် သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''တောင်ကိုရီးယား မှိုစိုက်ပျိုးရေး လုပ်ငန်းရှင်များ အသင်းက မြန်မာနိုင်ငံမှာ ရှိတဲ့ မှိုစိုက်ပျိုး ထုတ်လုပ်သူ တွေကို မှိုစိုက်ပျိုးတဲ့ နည်းလမ်းတွေ သင်ကြား ပို့ချဖို့နဲ့ မြန်မာနိုင်ငံက ထွက်တဲ့ မှိုတွေကို တောင်ကိုရီးယား နိုင်ငံက ဝယ်ယူ သုံးစွဲဖို့ နှစ်နိုင်ငံကြား MoU လက်မှတ် ရေးထိုးပြီး သွားပါပြီ။ မှိုစိုက်ပျိုးနည်း သင်တန်းကို နှစ်ရှည် စီမံကိန်းနဲ့ သင်ကြား ပေးမှာပါ'' ဟု မြန်မာနိုင်ငံ မှိုစိုက်ပျိုးရေး လုပ်ငန်းရှင်များ အသင်း မှ ဦးနေဝင်း က ပြောသည်။

တောင်ကိုရီးယား နိုင်ငံမှ မှိုစိုက်ပျိုးနည်း သင်တန်း လာရောက် ပို့ချမည့် အစီအစဉ်အား တောင်ကိုရီးယား မှိုစိုက်ပျိုး ထုတ်လုပ်သူများ အသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်းသီးဟင်း ရွက်စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်းနှင့် မြန်မာနိုင်ငံ မှိုစိုက်ပျိုးရေး လုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း ဆောင်ရွက် ကြခြင်းဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံမှ မှိုစိုက်ပျိုးရေး လုပ်ငန်းရှင် များ အသင်းသည် ၄င်းတို့၏ နည်းပညာ များကို လာအို၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံတို့တွင် သင်ကြားပို့ချ မှုများပြုလုပ် ခဲ့ပြီးဖြစ်ကာ မြန်မာနိုင်ငံတွင် ယခုနှစ်မှ စတင်၍ သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၆ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံမှ ထွက်သည့် ငွေနှင်းမှို အပါအဝင် တခြားမှိုများ ကိုလည်း တောင်ကိုရီးယား စီးပွားရေး လုပ်ငန်းရှင် များမှ ဝယ်ယူကြမည် ဖြစ်ကြောင်း သိရသည်။

မှိုစိုက်ပျိုးနည်း သင်တန်း ပေးရာတွင် ပြည်တွင်းရှိ မှိုစိုက်ပျိုး ထုတ်လုပ် ရောင်းချ သူများအား ကမ္ဘာပေါ်တွင် အသုံးပြုမှု များပြီး အရောင်းအဝယ် သွက်သည့် ငွေနှင်းမှို (ပုံ)ကို မည်သို့ မည်ပုံ စိုက်ပျိုးရမည် ကိုပါ အသေးစိတ် သင်ကြားမှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

သီရိ

#Themyawadydaily

No comments:

Post a Comment