Pages

Wednesday, July 8, 2015

(၇)ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး ရလဒ်များ


(၇)ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး ရလဒ်များ

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသည့် (၇)ကြိမ်မြောက် မဲခေါင်- ဂျပန် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ပြီး မြန်မာ လေကြောင်း အထူး လေယာဉ်ဖြင့် ပြန်လည် ထွက်ခွာလာရာ နေပြည်တော်သို့ ဇူလိုင် ၆ ရက် ညနေပိုင်းတွင် ပြန်လည် ရောက်ရှိသည်။

မဲခေါင်- ဂျပန် ပူးပေါင်း ဆောင်ရွက်မှု၏ အဓိက ရည်မှန်းချက် များမှာ မဲခေါင်ဒေသ နိုင်ငံများ၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် မဲခေါင်ဒေသ အတွင်းရှိ အရှေ့- အနောက် စီးပွားရေး စင်္ကြံလမ်း၊ တောင်ပိုင်း စီးပွားရေး စင်္ကြံလမ်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်တို့ အတွက် Japan-ASEAN Integration Fund (JAIF) အောက်မှ ငွေကြေး ထောက်ပံ့ပေးရေး ဖြစ်သည်။

လူဦးရေ သန်း ၂၄ဝ နီးပါး နေထိုင်လျက် ရှိသော မဲခေါင်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အကောင် အထည်ဖော် ဆောင်ရွက်နေသည့် အဓိက အစီအစဉ်များမှာ မဲခေါင်မြစ် ကော်မရှင်၊ မဲခေါင်မြစ်ဝှမ်း ဒေသ ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်နှင့် အာဆီယံ- မဲခေါင်မြစ်ဝှမ်း ဖွံ့ဖြိုးရေး ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်တို့ ဖြစ်သည်။

ယခု ကျင်းပခဲ့သော (၇)ကြိမ်မြောက် မဲခေါင်- ဂျပန် ထိပ်သီး အစည်းအဝေး တွင် တိုကျို မဟာဗျူဟာ ၂ဝ၁၅  ကို ချမှတ်နိုင်ခဲ့ပြီး ယင်း မဟာဗျူဟာ ၏ မဏ္ဍိုင် လေးရပ်တွင် ပူးပေါင်း ဆောင်ရွက်မှုများ အဖြစ် စက်မှု အခြေခံ အဆောက်အအုံ များ ဖွံ့ဖြိုး တိုးတက်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး၊ စိမ်းလန်းသော မဲခေါင်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး နှင့် မဲခေါင် ဒေသတွင်း နိုင်ငံများနှင့် သက်ဆိုင်သူများ အကြား ညှိနှိုင်း ဆောင်ရွက်သွားရေးတို့ ပါဝင်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး တို့သည် ဂျပန်- မြန်မာ ထိပ်သီး အစည်းအဝေး၌ ထားဝယ် အထူး စီးပွားရေးဇုန် အတွက် ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေး၊ သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေဘဲ ကျောက်မီးသွေး သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံများ တည်ဆောက် နိုင်ရေး၊ ရန်ကုန်မြို့ပတ် ရထားလမ်း နှင့် ရန်ကုန်- နေပြည်တော်- မန္တလေးလမ်း အဆင့် မြှင့်တင်နိုင်ရေး၊ ရန်ကုန်မြို့တော် အများပြည်သူ ခရီးသည် ပို့ဆောင်ရေး လုပ်ငန်းများ တိုးမြှင့်ရေးနှင့် ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာ ဖြေရှင်းနိုင်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ ကြသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည် ဂျပန်နိုင်ငံတွင် အကြီးဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် ဟဲခိနန် အဆင့်မြင့် နည်းပညာသုံး ကျောက်မီးသွေး အသုံးပြု ဓာတ်အား ထုတ်လုပ်ရေး စက်ရုံသို့ သွားရောက် လေ့လာ ခဲ့သည်။ ထို စက်ရုံသည် နေ့စဉ် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၄၁ဝဝ ထုတ်လုပ်လျက် ရှိရာ မြန်မာ တစ်နိုင်ငံလုံး တွင် ထုတ်လုပ် ဖြန့်ဖြူး နေသည့် လျှပ်စစ် ဓာတ်အား ပမာဏ၏ နှစ်ဆ နီးပါးရှိပြီး ရန်ကုန်မြို့တော် တွင် သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အား ပမာဏ၏ လေးဆနီးပါး ရှိသည်။

စက်ရုံသို့ သွားရောက် လေ့လာစဉ် နိုင်ငံတော် သမ္မတ က ''သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြင့် ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် နေသည့် ဂျပန်နိုင်ငံ၏ အတွေ့အကြုံ နှင့် နည်းပညာ များကို မိမိတို့ အသုံးပြု လိုကြောင်း၊ ချူဘူး ကုမ္ပဏီ အနေဖြင့်လည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ် စေလိုကြောင်း '' ပြောကြား ခဲ့သည်။

နိုင်ငံတော် သမ္မတ သည် (၇)ကြိမ်မြောက် မဲခေါင်- ဂျပန် ထိပ်သီး အစည်းအဝေးသို့ တက်ရောက် ခဲ့သည့် ခရီးစဉ်အတွင်း တာဝန်ရှိ သူများနှင့် တွေ့ဆုံ၍ အားကစား ဖွံ့ဖြိုး တိုးတက်ရေး၊ လယ်ယာ ထွက်ကုန်များ ဂျပန် နိုင်ငံသို့ တင်ပို့နိုင်ရေး၊ ဆန်စပါး ထုတ်လုပ်မှု အရည်အသွေး မြှင့်တင်ရေး တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ခြင်း တို့ကို ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံသား တို့၏ ရှိရင်းစွဲ ချစ်ကြည် ရင်းနှီးမှုဖြင့် နှစ်နိုင်ငံ ပြည်သူတို့ အတွက် အကျိုးဖြစ်ထွန်း စေမည်ဟု မြဝတီက ယုံကြည်ကြောင်း ဂုဏ်ပြု မှတ်တမ်းတင် အပ်ပါသည်။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment