Pages

Wednesday, July 8, 2015

၂ဝ၁၈ ခုနှစ်မှ ၂ဝ၂၂ ခုနှစ်အတွင်း ရေအရင်းအမြစ်များ ထပ်မံရရှိနိုင်ရန် ဂျပန်နိုင်ငံနှင့် ချိတ်ဆက်၍ လေ့လာဆန်းစစ်မှုများ ပြုလုပ်နေ



ရန်ကုန် ၊ ၈-၇-၂ဝ၁၅

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေဖြင့် လာမည့် ၂ဝ၁၈ ခုနှစ် မှ ၂ဝ၂၂ ခုနှစ် အတွင်း ရန်ကုန်မြို့ အတွက် ရေဂါလန် သန်း ၄ဝ ခန့် ထပ်မံရရှိ နိုင်မည့် ရေအရင်းအမြစ် နေရာ အသစ်များ ပြုလုပ်သွားရန် ဂျပန်နိုင်ငံနှင့် ချိတ်ဆက်၍ လေ့လာ  ဆန်းစစ်မှုများ ပြုလုပ် နေကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ၏ ကွပ်ကဲမှုအောက် ရှိ ဂျိုးဖြူ ၊ ဖူးကြီး ၊ လှော်ကား ရေလှောင်ကန်နှင့် ရေလှောင်ဆည် များသည် ရန်ကုန်မြို့အား အဓိက ရေပေးဝေ နေသည့် နေရာများဖြစ်ပြီး နှစ်စဉ် ရေဂါလန်ပေါင်း ၂ဝ၅ သန်းခန့် ဖြန့်ဖြူး ပေးနိုင်ကာ ရန်ကုန်မြို့ လူဦးရေ ၆၅ ရာခိုင်နှုန်း ခန့်ကို ရေပေးဝေလျက် ရှိကြောင်း သိရသည်။

''ဖူးကြီး ရေလှောင်ဆည် ကနေ ရေဂါလန် ၁ဝ သန်း ထပ်ပို့ပေး နိုင်အောင် စီစဉ်နေပါပြီ။ ပိုက်လိုင်း သွယ်တန်းဖို့ကို အင်ဂျင်နီယာ တွေနဲ့ စီစဉ်လုပ်ဆောင် နေကြပါပြီ။ နောက်ထပ် ရေဂါလန် သန်း ၆ဝ စီမံကိန်းလည်း ရှိပါတယ်။ အဲဒီ သန်း ၆ဝ အနက် ဂါလန် သန်း ၂ဝ ကို ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီရဲ့ ဘတ်ဂျက်နဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျန် ရေဂါလန် သန်း ၄ဝ ကိုတော့ ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီကနေ DA Loan ရဖို့ စတင်ဆွေးနွေး နေတဲ့ အဆင့်တော့ ရောက်နေပါပြီ'' ဟု ရန်ကုန် မြို့တော်ဝန် ဦးလှမြင့် က ပြောသည်။

လက်ရှိ အစိုးရ သက်တမ်းတွင် ငမိုးရိပ် စီမံကိန်း အဆင့်(၂)မှ ရေဂါလန် ၄၅ သန်း ပေးဝေနိုင်ခဲ့ပြီး ယိုယွင်း နေသည့် ရေတွန်း စက်ရုံကြီးများကို အသစ်ပြန်လည် တည်ဆောက် ပြုပြင်နေကြောင်း၊ ထို့အပြင် ပိုက်အသစ်များ လဲခြင်း၊ ရေအရင်းအမြစ် အသစ်များ ရှာဖွေခြင်းနှင့် ပန်းလှိုင်မြစ် ကို တူးဖော်ကာ ရေငန်မဝင်နိုင် စေရေးအတွက် ရေထိန်း တံခါးကြီးများ တည်ဆောက်ရန် ဆန်းစစ်နေပြီ ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ သောက်သုံးရေ ဖြန့်ဖြူး ပေးနိုင်ရန် ၄၂ လက်မ ရေပိုက် လိုင်းကြီးများ သွယ်တန်းလျက် ရှိပြီး ယင်းသို့ သွယ်တန်း နေမှုကြောင့် မြို့နယ်တချို့၌ ရေအားနည်း မှုများ ကြုံတွေ့မည် ဖြစ်ကြောင်း
ရေစီမံကိန်းများ ပြီးစီးသွားပါက လုံလောက်သည့် ရေပမာဏကို ဖြန့်ဖြူး ပေးနိုင်တော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (ရေနှင့် သန့်ရှင်းရေး ဌာန)မှ သိရသည်။(၄၄၇)

#Themyawadydaily

No comments:

Post a Comment