Pages

Thursday, July 23, 2015

ယခုပညာသင်နှစ်အတွက် ထူးချွန်ဆရာဆု ကျောင်းအဆင့် ရွေးချယ်ခြင်းများကို စက်တင်ဘာလတွင် စတင် ဆောင်ရွက်မည်



ရန်ကုန် ၊ ၂၃-၇-၂ဝ၁၅

မြန်မာနိုင်ငံ တစ်ဝန်းရှိ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများအား ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အတွက် ထူးချွန်ဆရာဆု များကို ရွေးချယ်ချီးမြှင့် နိုင်ရန် ကျောင်းအဆင့် စိစစ် ရွေးချယ်ခြင်းများ ကို စက်တင်ဘာလ တွင် စတင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများ အနေဖြင့် သင်ကြားမှု ပိုင်းဆိုင်ရာတွင် အရည်အသွေး မြင့်မားလာ စေရန်နှင့် ပြည်တွင်း၌ ဘက်စုံတိုးတက် ထူးချွန်သော ဆရာ၊ ဆရာမများ အများအပြား ပေါ်ထွန်း လာစေရန် ရည်ရွယ်ချက်ဖြင့် ထူးချွန်ဆရာဆု များကို ရွေးချယ် ချီးမြှင့်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်းနှင့် ယခု ပညာသင်နှစ် တွင် ဆုရဆရာ၊ ဆရာမ များကို စုစုပေါင်း ငွေကျပ်သိန်း ၇၅ဝ ခန့် ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း ထူးချွန်ဆရာဆု ရွေးချယ် ချီးမြှင့်ရေး ဦးစီးကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ထူးချွန် ဆရာဆုများ ရွေးချယ် ချီးမြှင့်ခြင်းကို ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် တွင် စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယခု နှစ်တွင်လည်း အလားတူ ရွေးချယ်ချီးမြှင့် သွားမည်ဖြစ်ရာ နိုင်ငံ တစ်ဝန်းရှိ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများ ဝင်ရောက် အရွေးခံနိုင်ရန် ပညာရေးဝန်ကြီး ဌာနမှ တရားဝင် အသိပေး ကြေညာထားပြီး ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ထူးချွန် ဆရာဆုများ ရွေးချယ် ချီးမြှင့်ခြင်းကို ယခင်နှစ်က အတိုင်း အဆင့်ဆင့် ဆောင်ရွက် သွားမည်ဖြစ်ရာ ကျောင်းအဆင့် ရွေးချယ်ခြင်း များကို ယခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် လည်းကောင်း၊ မြို့နယ် အဆင့် ရွေးချယ်ခြင်းကို စက်တင်ဘာ ၂၇ ရက်တွင် လည်းကောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ် အဆင့် ရွေးချယ်ခြင်း များကို နိုဝင်ဘာ ၂၉ ရက်တွင် လည်းကောင်း၊ ဗဟိုအဆင့် ရွေးချယ်ခြင်း ကို ဒီဇင်ဘာ ၂၇ ရက်တွင် လည်းကောင်း အသီးသီး ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြို့နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် စိစစ်ရွေးချယ် ရာတွင် ဆရာ၊ ဆရာမ များကို ရေးဖြေ၊ နှုတ်ဖြေ စစ်ဆေးခြင်း များကိုသာ ပြုလုပ်သွားမည် ဖြစ်သော်လည်း ဗဟိုအဆင့် ရွေးချယ်ရာတွင် ရေးဖြေ၊ နှုတ်ဖြေ စစ်ဆေးခြင်းများ အပြင် လက်တွေ့ သင်ကြား ပြသခြင်း များကိုလည်း လုပ်ဆောင် ရမည်ဖြစ်ပြီး သက်ဆိုင်ရာမှ တာဝန်ရှိ သူများက အကဲဖြတ် ကြမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment