Pages

Thursday, July 23, 2015

ရန်ကုန်နည်းပညာ တက္ကသိုလ်သို့ တက္ကသိုလ်ဝင် စာမေးပွဲတွင် အမှတ် ၄၈ဝ အထက် ရရှိအောင်မြင်ခဲ့သူများ လျှောက်ထားနိုင်



ရန်ကုန် ၊ ၂၃-၇-၂ဝ၁၅

ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် ရှိ ရန်ကုန် နည်းပညာ တက္ကသိုလ်တွင် ၂ဝ၁၅- ၂ဝ၁၆ ပညာသင်နှစ် ၌ ဖွင့်လှစ်မည့် ပထမနှစ် ဘွဲ့ကြို သင်တန်းများသို့ တက်ရောက်ရန် ပြီးခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် အမှတ် ၄၈ဝ နှင့်အထက် ရရှိ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ ဝင်ခွင့် လျှောက်ထား နိုင်ကြောင်း သိရသည်။

၂ဝ၁၅-၂ဝ၁၆ ပညာသင် နှစ်တွင် ရန်ကုန် နည်းပညာ တက္ကသိုလ်၏ ပထမနှစ် ဘွဲ့ကြို သင်တန်းများသို့ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ဦးရေ ၃ဝဝ ကို စိစစ် ရွေးချယ်၍ တက်ရောက်ခွင့် ပြုရန် စီစဉ်ထားပြီး ကျောင်းသား၊ ကျောင်းသူ ၅ဝ ရာခိုင်နှုန်းကို ခေါ်ယူ သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ဝင်ခွင့် ရွေးချယ်ရာတွင် အမှတ် အမြင့်ဆုံးမှ စတင် ရွေးချယ်၍ ကျောင်းသား ၁၅ဝ ဦးနှင့် ကျောင်းသူ ၁၅ဝ ဦး ပြည့်သည် အထိ လက်ခံခေါ်ယူ သွားမည်ဖြစ်ပြီး ဝင်ခွင့် လျှောက်ထားခြင်းနှင့် ပတ်သက်သော အသေးစိတ် စည်းကမ်းချက် များကို တက္ကသိုလ် ဝင်ခွင့် လမ်းညွှန်တွင် ထည့်သွင်း ဖော်ပြထားမည် ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန် နည်းပညာ တက္ကသိုလ် ကို အပြည်ပြည် ဆိုင်ရာ စံနှုန်း သတ်မှတ်ရေး အဖွဲ့မှနေ၍ နိုင်ငံတကာ အဆင့်မီ နည်းပညာ တက္ကသိုလ် တစ်ခုအဖြစ် အသိအမှတ် ပြုသည့် အနေဖြင့် ပြီးခဲ့သော ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလတွင် ISO 9001 : 2008 လက်မှတ်ကို ပေးအပ်ချီးမြှင့် ခဲ့သည်။

လက်ရှိတွင် ၄င်းတက္ကသိုလ်၌ အင်ဂျင်နီယာ ဘာသာတွဲ ၁၂ ခုကို ဖွင့်လှစ် သင်ကြား ပို့ချလျက်ရှိပြီး ဘွဲ့ကြိုဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ဦးရေ ၁၄ဝဝ ကျော် နှင့် ဆရာ၊ ဆရာမ အင်အား ၁၆ဝ ခန့်ရှိကြောင်း နှင့် နှစ်စဉ် ပထမနှစ် သင်တန်းသား ၃ဝဝ ကို စိစစ်ရွေးချယ်၍ သင်ကြား ပေးလျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၅)

#Themyawadydaily

No comments:

Post a Comment