Pages

Wednesday, July 29, 2015

သုံးနှစ်အတွင်း စားသုံးရန်မသင့်သည့် အေးခဲအသား တန်ချိန် ၁၇၀ နီးပါးဖမ်းမိ



ရန်ကုန် ၊ ၂၉-၇-၂၀၁၅

အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (FDA) ၏ ထောက်ခံချက် မပါဘဲ နယ်စပ်ဒေသ များမှ တရားမဝင် ဝင်ရောက် လာသော စားသုံးရန် မသင့်သည့် အေးခဲအသား တန်ချိန် ၁၇ဝ နီးပါးကို သုံးနှစ်အတွင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟို၊ Mobile Team များမှ ဖမ်းဆီးနိုင် ခဲ့ကြောင်း အဆိုပါအဖွဲ့၏ သတင်း ထုတ်ပြန်ချက် များအရ သိရသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်း နိုင်ငံ အများအပြား နှင့် ထိစပ် နေခြင်းကြောင့် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း များမှတစ်ဆင့် မြန်မာနိုင်ငံ အတွင်းသို့ စားသုံးရန် မသင့်သည့် အစား အသောက်နှင့် ဆေးဝါးများ၊ အေးခဲအသားများ ဝင်ရောက် နေခြင်းဖြစ်ပြီး ယင်း ကုန်ပစ္စည်း များကို Mobile Team များက တားဆီး စစ်ဆေးခဲ့ခြင်း ဖြစ်ကာ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ မှ ၂ဝ၁၅ ခုနှစ် ဇွန်လအထိ အေးခဲအသား တန်ချိန် ၁၆၉ တန် ခန့်မှန်း တန်ဖိုး ငွေကျပ်သန်း ၆၆၃ သန်းခန့်ကို သုံးနှစ်အတွင်း တားဆီး နိုင်ခဲ့ခြင်း ဖြစ်သည်။

အေးခဲအသားများ ဖြစ်သော ကြက်သား၊ ကြက်အသည်း အမြစ်၊ အကင်မျိုးစုံ ပြုလုပ်ရန် ပစ္စည်းများမှာ နယ်စပ် လမ်းကြောင်းများမှ ပုံစံအမျိုးမျိုး ဖြင့် ဝင်ရောက်နေခြင်း ဖြစ်ပြီး အမှုတွဲပေါင်း ၁၅၂ ခု ဖွင့်ကာ ပစ္စည်း များကို သိမ်းဆည်း၍ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အေးခဲအသား များသည် စားသုံးသူကို ဘေးအန္တရာယ် ဖြစ်စေနိုင်ပြီး စားသုံးသူ အကာအကွယ် ပေးရန်နှင့် တရားမဝင် အကောက်ခွန်မဲ့ တင်သွင်းမှု များကို Mobile Team များမှ တားဆီး ထိန်းချုပ်ခြင်းများ ပြုလုပ်လျက် ရှိကာ နယ်စပ် အပါအဝင် ပင်လယ် ရေကြောင်းနှင့် လေကြောင်း မှဝင်ရောက် လာသည့် တရားမဝင် ကုန်ပစ္စည်းများ တင်သွင်းမှုကို စစ်ဆေးလျက် ရှိကြောင်း သိရသည်။

Mobile Team များ ဖွဲ့စည်းကာ တရားမဝင် ကုန်သွယ်မှု လုပ်ငန်းများ စစ်ဆေး အရေးယူခဲ့ခြင်း ကြောင့် ကုန်သွယ်မှု ပမာဏများ တိုးတက်လာ ခဲ့ပြီး စားသုံးသူ အကာအကွယ် ပေးရေး လုပ်ငန်း များလည်း ထိန်းချုပ်လာ နိုင်ကာ တရားမဝင် ကုန်သွယ်မှုများ လမ်းကြောင်းမှန်ပေါ် ရောက်ရှိ လာမည် ဖြစ်ကြောင်း Mobile Team အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အေဒီမိုး

မြ၀တီနေ့စဉ် ၊ စာ(၃၀)

#Themyawadydaily

No comments:

Post a Comment