Pages

Thursday, July 30, 2015

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်လက်မှတ်တွင် မွေးသက္ကရာဇ် အမှန် ပြန်လည်ပြင်ဆင် လိုပါက သတ်မှတ်ချက်နှင့် အညီ ခွင့်ပြု


ရန်ကုန် ၊ ၃ဝ-၇-၂ဝ၁၅

တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်လက်မှတ် တွင် မွေးသက္ကရာဇ် အမှန် ပြန်လည် ပြင်ဆင်လိုပါက သတ်မှတ်ချက် နှင့်အညီ ခွင့်ပြု လုပ်ဆောင် ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနမှ သိရသည်။

အခြေခံပညာ မူလတန်း စတင် တက်ရောက်ချိန်တွင် မွေးသက္ကရာဇ်ကို ပြောင်းလဲ၍ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် အခါ အောင်လက်မှတ် ပေါ်၌ မှားယွင်းသော မွေးသက္ကရာဇ် အချက်အလက်များ ပါလာပါက လုပ်ငန်းခွင် စာမေးပွဲများ ဖြေဆိုခြင်းနှင့် တခြားသော အလုပ် လျှောက်ထားမှု များတွင် ထိခိုက် နိုင်ကြောင်း သိရသည်။

''မွေးတဲ့လ အမှန်အတိုင်း ဖြည့်ရင် ကျောင်းဝင်ခွင့် မရမှာစိုးလို့ တစ်နှစ်အောက် ရမှာစိုးတဲ့ အတွက် မွေးသက္ကရာဇ်ကို ပြင်ဆင်ပြီး ကျောင်းအပ် ခဲ့တယ်။ ၁ဝ တန်းအောင်လို့ အောင်လက်မှတ်လည်း ထုတ်ရော အဲဒီ ပြင်ဆင်ထားတဲ့ မွေးသက္ကရာဇ် အမှားအတိုင်း ပါသွားခဲ့တယ်။ အဲဒီဟာက ပြင်ဆင်ထား တဲ့ဟာ ဖြစ်နေတော့ မှတ်ပုံတင် က တကယ့် မွေးသက္ကရာဇ် အမှန်နဲ့ လွဲနေတယ်။ အလုပ် လျှောက်တာတို့၊ ဌာနဆိုင်ရာ တွေကနေ လုပ်ငန်းရာထူး စာမေးပွဲဖြေပြီး အလုပ်ဝင်ခွင့် ရဖို့ ကျမ်းကျိန်ရတော့ အခက်အခဲတွေ ကြုံခဲ့ရတယ်'' ဟု ကိုယ်တိုင် ကြုံတွေ့ခဲ့ရ သူတစ်ဦးက ပြောသည်။

ထို့အပြင် ကျောင်းစတင် အပ်နှံရာတွင် မွေးသက္ကရာဇ်၌ ဖေဖော်ဝါရီ ၂၈ ရက် အစား ရက်ထပ်နှစ်ဟု ထင်၍ ၂၉ ရက်ဖြင့် မှားယွင်း ဖြည့်စွက်ကာ တက္ကသိုလ် ဝင်တန်း အောင်မြင် ခဲ့သည်။ သို့သော် အသက်မွေး ဝမ်းကျောင်း တက္ကသိုလ် များတွင် တက်ရောက် သင်ကြားရန် အောင်လက်မှတ် ထုတ်ယူရာ တွင် မွေးသက္ကရာဇ် မှားယွင်း နေခြင်းကြောင့် အောင်လက်မှတ် မရရှိဘဲ အခက်အခဲများ နှင့် ကြုံတွေ့ နေရကြောင်း သိရသည်။

ထိုသို့သော မှားယွင်းနေသည့် မွေးသက္ကရာဇ် များနှင့် ကိုယ်ရေး အချက်အလက် များကို အမှန်ပြင်ဆင် လိုပါက မြန်မာနိုင်ငံ စာစစ်ဌာနသို့ သက်ဆိုင်ရာ ကျောင်းမှ ကျောင်းအုပ်ကြီး၏ ထောက်ခံချက်ဖြင့် မွေးသက္ကရာဇ်
နှင့် အချက်အလက် များ ပြင်ဆင် လိုသော လျှောက်ထားချက်၊ ကျောင်းဝင် ''ခ'' စာရင်း မိတ္တူများကို တင်ပြ လျှောက်ထား ရမည်ဖြစ်သည်။ ယင်း လျှောက်ထားမှု အပေါ် စိစစ်ကာ အမှန်ပြန်လည် ပြင်ဆင်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

''တချို့ကျောင်းသား၊ ကျောင်းသူတွေက ဒီလို ပြင်ဆင်လို့ ရတယ်ဆိုတာ သိပ်မသိကြဘူး။ အဲဒီလို သတ်မှတ်ချက် တွေကို ပြင်ဆင်ခွင့် လျှောက်ထားရင် ခွင့်ပြုပေး နေပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

၂ဝ၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ပြည်တွင်းနှင့် နိုင်ငံခြား စာစစ်ဦးစီးဌာန များအပါအဝင် စုစုပေါင်း ဖြေဆိုသူ ၅၄၁၉၄၆ ဦးရှိပြီး ၁၇၁၆၄၇ ဦး အောင်မြင်ခဲ့ကာ အောင်ချက် ၃၁ ဒသမ ၆၇ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂ဝ၁၅ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဖြေဆိုသူပေါင်း ၅၉၇၉၄၆ ဦးရှိပြီး ၂၂၄၈၄၇ ဦး အောင်မြင်ခဲ့ကာ အောင်ချက် ၃၇ ဒသမ ၆ဝ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

ထက်ခိုင်(စမ်းချောင်း)

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themyawadydaily

No comments:

Post a Comment