Pages

Monday, June 1, 2015

မိန်းမသားဘဝ



မိန်းမသားဘဝ

မဒါလေး

ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်း ကြားတွင် စွန့်လွှတ်ခြင်း၊ ရယူခြင်း၊ ပေးဆပ်ရခြင်း၊ ဝမ်းမြောက် ဂုဏ်ယူခြင်း၊ ဆို့နင့် ကြေကွဲခြင်း စသည်များသာ မရှိခဲ့ဘူး ဆိုလျှင် . . .

သစ်ပင်တစ်ပင်ကို ခုတ်လှဲ လိုက်ပြီးနောက် ရရှိလာမည့် အကျိုးဆက် များကို လူအများ အချိန်ကာလ တစ်ခုထိ ကျေနပ် ခံစား နိုင်ကြ သော်လည်း ထို သစ်တစ်ပင် ခုတ်လှဲခြင်း ကြောင့် ခံစားရမည့် ဆိုးကျိုး ရလဒ်များက အချိန်ကာလ သတ်မှတ်ချက် မရှိပေ။ သစ်ပင်ခုတ်လျှင် သစ်ပင်အစား ပြန်စိုက်၍ ရနိုင်သည့် တိုင် ဆုံးရှုံး ပျက်စီး သွားသော သဘာဝ တရားနှင့် ထို သဘာဝ တရားတို့ အကောင်းတိုင်း ပြန်ဖြစ်ရန် မလွယ်ကူပေ။ လူတစ်ဦး တစ်ယောက်၏ ဆုံးရှုံးသွားသော၊ ပျက်စီးသွားသော စိတ်ခံစားချက် တို့ကို ပြန်လည် ရှင်သန်စေရန် ဆိုသည်မှာကား သစ်ပင်အစား ပြန်စိုက်သည် ထက်ပင် ပိုမိုခက်ခဲ နက်နဲလွန်း လှသည်။

''ချစ်လွန်းလို့ပါ'' ဆိုသည့် စကားတစ်ခွန်း အောက်တွင် လည်စင်း ပေးခဲ့ရသော ဘဝများ မည်မျှပင် များနေမည်နည်း။ ယနေ့မှပင် အသေအချာ သဘောပေါက် လိုက်သည်။ ကျွန်မ မိဘက သင်ပေးသော ပညာထက် ဘဝက ပေးသော သင်ခန်းစာကို လက်တွေ့ကျကျ လိုက်နာချင် ခဲ့မိသည်။ ကျောင်းပြီး သည်နှင့် လုပ်ငန်းခွင် ဝင်ရန် မိဘများက တိုက်တွန်း ခဲ့သော်လည်း ချစ်ရသူ၏ အချစ်ကြီး ချစ်ပါသည် ဆိုသည့် စကားနှင့် စိတ်မချခြင်း များစွာအောက် တတ်ထားသည့် ပညာများကို ခေါက်သိမ်း ထားခဲ့သည်မှာ ယနေ့တိုင်ပင် ဖြစ်သည်။ အိမ်ထောင် ကျစဉ် ဆရာမ တစ်ဦးက ''မိန်းမ တစ်ယောက် အနေနဲ့ ကိုယ့်အိမ်ထောင် အတွက် မဟုတ်ရင်တောင် ကိုယ့်အတွက် ကိုယ် အလုပ် တစ်ခုတော့ လုပ်သင့်တယ်။ အရွယ်ငယ်တုန်း အချိန် မနှောင်းခင် သံယောဇဉ်တွေ မတိုးခင်မှာ အလုပ်တစ်ခုနဲ့ အံဝင်ခွင်ကျ ဖြစ်နေဖို့ လိုတယ်။'' အဲဒီတုန်းက ဆရာမ စကားကို နားခါးခဲ့ ဖူးသည်။ ပြန်စဉ်းစား မိတိုင်း နောင်တရ လို့မဆုံး ဆရာမက အပျိုကြီး ဖြစ်တာကြောင့် မစာမနာ ပြောသည်ဟု စိတ်ထဲမှာ ပြစ်မှားမိ လိုက်သေးသည်။

ယခုတော့ ခေါက်သိမ်း ထားသော ပညာများက အဝတ်လျှော် ထမင်းချက်နှင့် အသားကျကာ ပြန်ဖြေကြည့်လို့ မရအောင်ပင် ခေါက်ရိုးကျိုး လွန်းနေပေပြီ။ အိမ်ထောင်ကျစ အစောပိုင်း တစ်နှစ်၊ နှစ်နှစ် အရာရာ အဆင်ပြေ ပါသည်။ ဘာအလုပ် မျှလည်း လုပ်စရာမလို၊ ဘာမျှလည်း ပူပန်စရာ မရှိသဖြင့် မိဘမောင်နှမ များကြား သွားလိုက် စားလိုက်နှင့်။ ဒီကြားထဲ အလုပ်မလုပ် ဘူးလား မေးသူကိုပင် ဘဝင်မကျချင် ဖြစ်မိသည်။

ခင်ပွန်းဖြစ်သူ ကိုယ်တိုင်ကလည်း အလုပ်မလုပ် ခိုင်းသဖြင့် ကိုယ့်အပေါ် ချစ်တာ သူ့အပြင်မရှိ ဟုပင် ယုံကြည် ထားလိုက်သည်။ တစ်စတစ်စ တိုးတက် ပြောင်းလဲ လာသော အခြေအနေ များနှင့် ဆုတ်ယုတ် လာသော စီးပွားရေး တို့ကြားတွင် လည်စင်းခံ ရမည့်သူ ကိုယ်ဖြစ်လာ လိမ့်မည်ဟု တစ်ခါမျှ တွေးပင် မကြည့်ဖူး ခဲ့ပေ။ ပညာမဲ့ သည်ထက် ပညာကို မလိုလား သော အသိုင်းအဝိုင်း တစ်ခုနှင့် ပတ်သက် လိုက်သည်ကိုက ကျွန်မအတွက် ယနေ့ကဲ့သို့ ဝမ်းနည်း ရလိမ့်မည်ဟု ထင်မှတ် မထားခဲ့ပေ။ ကိုယ်တိုင်က အလုပ်ကို တိတိကျကျ ရေရေရာရာ မလုပ်ချင်သည့် အပြင် မိန်းမသား ဖြစ်သူ အလုပ်လုပ် မည်ဆိုသည်ကို ချစ်လှချည်ရဲ့ ဆိုသည့် ကြိုးနှင့်တုပ်ကာ စိတ်မချခြင်း တုတ်ဖြင့် သံသယ များများ ထည့်ကာ ပေါင်းရိုက် လေတော့သည်။ လူမနာပေမယ့် ထိုစကားက စိတ်ကို အကြိမ်ကြိမ် နာစေခဲ့ပြီ။ စိတ်နာ သည်ထက် ယခု အခြေအနေက ဘဝပါ နာမည့် အခြေအနေ သို့ပါ ရောက်လာသည်။

လုပ်နေကျ စီးပွားရေး ကလွဲ၍ အခြား အလုပ်ကို ပြောင်းမလုပ် ချင်သော တစ်ဇွတ်ထိုး သမားနှင့် အလုပ် မဖြစ်သော အခြေအနေကြား၊ ငှားထားသည့် အိမ်လခနှင့် အမျိုးမျိုးသော စရိတ်များကြား ပူပန် ရသူက အိမ်တွင် အမြဲနေသော ကျွန်မပင် ဖြစ်သည်။ ဒီကြားထဲ အကြောင်း အမျိုးမျိုးပြကာ အိမ်ပြန် မလာသော နေ့ရက်များလည်း တစ်နေ့ထက် တစ်နေ့ များများ လာသောအခါ မိန်းမသား ကျွန်မအတွက် စိုးရိမ် ရေမှတ်က ရောက်လာပါပြီ။

ကိုယ်ရွေးခဲ့သော လမ်းအတွက် ဘယ်သူကိုမျှ လမ်းရှင်းခိုင်း၍ ရမည် မဟုတ်ရ သည့်တိုင်ပင် မသင့်တော်သော အခြေအနေ သို့ ရောက်နေပေပြီ။ နောက်ဆုံး ဖြစ်ချင်ရာဖြစ် ရသည့် အလုပ် တစ်ခုတော့ လုပ်မှရမည့် အခြေအနေတွင် ပညာ အရရော၊ အသက်အရွယ် အရပါ အားလုံး နောက်ကျကျန် ခဲ့ပြီး သားသမီး မထွန်းကား သည်ကိုပင် မည်ကဲ့သို့ ဝမ်းသာရ ဖြစ်နေသည်။ ကိုယ်နှင့် ရွယ်တူများ ကလေးကိုယ်စီ၊ လုပ်ငန်း ကိုယ်စီနှင့် မောင်တစ်ထမ်း မယ်တစ်ရွက် ကြိုးစားကာ ဘဝများ အသီးသီး တိုးတက် ပြောင်းလဲ နေချိန်တွင် ကိုယ်တိုင်ကား မယ်ရွက်သည် ကိုပင် မောင်မကြည့် နိုင်သော အခြေအနေ ကြား မိဘထံမှပင် ပြန်လက်ဖြန့် တောင်းရသော အခြေအနေ ဖြစ်နေသည်။ အပေါင်းအသင်း မိတ်ဆွေ ဆိုသည် မှာလည်း အိမ်တွင်းပုန်း ဘဝနှင့် နေခဲ့သည်မို့ အဆက်အသွယ် အားလုံး ပြတ်တောက် နေခဲ့သည်။ အရေးကြုံ ချိန်တွင် မိတ်ဆွေ သူငယ်ချင်း ဟူသည် အနားတွင် တစ်ဦးမျှ မရှိတော့သည့် အဖြစ်နှင့် ကိုယ်ကိုယ်တိုင် ကြုံတွေ့ရပြီ။ အိမ်ထဲတွင် ကုန်ခဲ့သော အချိန်များ အတွက် ယခုမှ နှမြောတသ ဖြစ်မိသည်။

နောက်ဆုံး ဘာအလုပ်ပဲ ဖြစ်ဖြစ် လုပ်မည်ဟု ဆိုပြီး ခေါက်ရိုးကျိုး ဖုန်တက်နေသော ပညာကို ပြန်ဖြန့်ကာ ဖုန်ခါ လိုက်သည်။ အနည်းငယ် အဆင်ပြေမည် ဟု ထင်ရသော်လည်း ကျွန်မ အိပ်ပျော်ခဲ့သော လေးငါးနှစ် ဆိုသည့် အချိန်တွင် ပြောင်းလဲနေသော ခေတ်စနစ်၏ ရိုက်နှက်မှုကြား အကြိမ်ကြိမ် ပြန်လဲကျ နေသည်။ ထို ပညာရေးကို အရောင်တင်ရန် သင်တန်းများ လိုအပ်သည်။ အခြေခံ ကျသည့် နှိမ့်ချမှုများ နှင့် အချိန်တစ်ခု လိုအပ်သည်။

မိမိထက် အသက်ငယ်ရွယ် သူများ၊ ပညာတတ် များကြားတွင် တော်ရုံ အရောင်တင်၍ မရ ဆိုသည်ကို သိလိုက် ရချိန်တွင် အရာရာဟာ နောက်ကျ နေပေပြီ။ ယခုတော့ မိန်းမသား တစ်ဦးအနေနဲ့ ဘယ်သူ့ အတွက်မျှ မဟုတ်လျှင်တောင် ကိုယ့်အတွက် ကိုယ် အလုပ်လုပ် သင့်သည် ဆိုသည့်စကား နားထဲမလပ် ကြားယောင် နေမိသည်။ အကယ်၍ မနက်ဖြန် သူမရှိတော့လျှင် ကျွန်မကမ္ဘာ အမှောင်အတိ ဖုံးလွှမ်း သွားတော့မည်။ ယုံကြည် အားကိုးမှု လွန်ကဲသော အဖြစ်တို့က ကျွန်မကို လှောင်နေကြ ပေမည်။ တွေးရင်းပင် ရင်ဘတ် တစ်ခုလုံး တင်းကျပ် လာသည်။ အာခေါင်တွေ ခြောက်ကာ အလုပ်တစ်ခု ရရန်သာ အော်နေမိ တော့သည်။ ဇောချွေးများ ပြန်ကာ ဆတ်ခနဲ ထထိုင်မိသည်။ တစ်ခြမ်းလွတ် နေသည့် နှစ်ယောက်အိပ် ခုတင်တစ်ဖက် ကိုကြည့်ကာ အိပ်မက်ဆိုးမှ ကုန်းထခဲ့သည်။

မနက် သင်တန်း သွားရဦးမည်။ သင်တန်းပြီး သည်နှင့် အလုပ် လျှောက်လွှာများ သွားတင် ရမည်။ ဘယ်သူ့အတွက် မျှမဟုတ် ကျွန်မအတွက် ကျွန်မ အလုပ်လုပ် ရမည်။ ယခု နောက်ကျ သွားပြီဆိုသော အခြေအနေနှင့် အချိန်သည်ပင် ရှေ့တစ်လှမ်း တိုးရန် အစောဆုံးနှင့် အကောင်းဆုံး အချိန်ဖြစ်သည်။ ထို့ပြင် လူဆန်သော လူတစ်ဦး အတွက်၊ ထိုမှ မိန်းမသား တစ်ဦးအတွက် ကိုယ် စိုက်ပျိုးထားသည့် အရာများကို လေလွင့် ပျက်စီးမှု မရှိအောင် ဆုံးရှုံးမှု နည်းအောင် ဂရုတစိုက် ထိန်းသိမ်း ရပါဦးမည် ... ။

#Yadanarpondaily

No comments:

Post a Comment