Pages

Monday, June 1, 2015

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း ပြည်ပတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရရှိရန် မျှော်မှန်း



ရန်ကုန် ၊ ၁-၆-၂၀၁၅

ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများမှ အထည်ချုပ် လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ၏ လိုက်နာကျင့်သုံး ရမည့် ကျင့်ဝတ် စည်းကမ်းများကို နှစ်သက် သဘောကျကာ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အဖွဲ့ဝင် ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် ကတိပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းများ အနေဖြင့်လည်း ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွက် အထည်ချုပ် လုပ်ငန်း ပြည်ပ တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ရရှိရန် မျှော်မှန်း ထားကြောင်း အထည်ချုပ် လုပ်ငန်းများမှ သိရသည်။

ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများမှ အထည်ချုပ် လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ၏ အဖွဲ့ဝင် ကုမ္ပဏီများတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မှုများ ပြုလုပ်ရန် မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းအနေဖြင့် ယခုနှစ် အတွင်း အဖွဲ့ဝင် ကုမ္ပဏီများနှင့် တွေ့ဆုံခဲ့ပြီး အဖွဲ့ဝင် ကုမ္ပဏီများ လိုက်နာကျင့်သုံး ရမည့် ကျင့်ဝတ် စည်းကမ်းများကို ဆွေးနွေးခဲ့သည်။ အဆိုပါ ဆွေးနွေးမှုများ အရ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလ အတွင်း အချက် ၁၁ ချက် ပါဝင်သည့် စည်းကမ်းချက် များကို အတည်ပြု လက်မှတ်ရေးထိုး နိုင်ခဲ့သည်။ ဥရောပသမဂ္ဂ ပြည်ပ လုပ်ငန်းရှင်များ အနေဖြင့် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင် များ၏ လိုက်နာ ကျင့်သုံးရမည့် အချက် ၁၁ ချက်ထဲမှ ကလေး အလုပ်သမားများ လျော့နည်း ပပျောက်ရန် ထိရောက်အောင် ပြုပြင် ဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းစေရန်နှင့် မီးဘေး အန္တရာယ် ကင်းရှင်းစေရန် စသည့် လိုက်နာ ဆောင်ရွက်ရမည့် စည်းကမ်း သတ်မှတ်ချက် များကို နှစ်သက် သဘောကျကာ အဓိက ဆွေးနွေးအကြံပြု ခဲ့ကြသည်။ ထိုသို့ နှစ်သက် သဘောကျသဖြင့် အဖွဲ့ဝင် ကုမ္ပဏီများ၌ ဝင်ရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မှုများ ထည့်ဝင် ရန် ကတိပြု သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် စီစဉ် ဆောင်ရွက်နေစဉ် ကာလ ကနဦး အနေဖြင့် ဥရောပ လုပ်ငန်းရှင် များက မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းများတွင် လက်ခစား အပ်ထည် ပစ္စည်းများ မှာယူရန် သဘောတူညီ ခဲ့ကြသည်။ လက်ရှိတွင် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း၌ အသင်းဝင် လုပ်ငန်း ကုမ္ပဏီပေါင်း ၃၈ဝ ရှိနေပြီး ၃ဝဝ နီးပါးမှာ ပြည်ပဈေးကွက် အသီးသီးသို့ အထည်များ ချုပ်လုပ် တင်ပို့ပေးလျက် ရှိသည်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ စက်မှုဇုန်ပေါင်း ၂၉ ခုနှင့် စက်ရုံ အလုပ်ရုံပေါင်း ၄ဝဝဝ ကျော် ရှိနေပြီး အလုပ်သမား ဦးရေ သုံးသိန်းကျော် ရှိရာ အထည်ချုပ် ဝန်ထမ်း အလုပ်သမား ဦးရေမှာ ပိုမိုများပြား နေကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ အတွင်းရှိ အထည်ချုပ် လုပ်ငန်းများမှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ် အတွက် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်း ပြည်ပတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ရရှိရန် မျှော်မှန်း ထားကြောင်း သိရသည်။ သို့သော် ယခု မျှော်မှန်း ထားသည့် အမေရိကန် ဒေါ်လာ ၂ ဘီလီယံသည် ယခင်နှစ် ၂ဝ ကျော် ကာလ အတွင်းက ဝင်ငွေနှင့် နှိုင်းယှဉ်ပါက နည်းပါး နေသေးကြောင်း သိရသည်။

ဇာညီသစ္စာ

#Themyawadydaily

No comments:

Post a Comment