Pages

Monday, June 15, 2015

လှိုင်သာယာစက်မှုဇုန် အတွင်းရှိ စက်ရုံ ၁၇ ရုံမှ စွန့်ပစ်ရေများတွင် အာဆင်းနစ်ဓာတ် ထပ်မံ စစ်ဆေးတွေ့ရှိပါက လုပ်ငန်းပိတ်သိမ်းမည်



ရန်ကုန် ၊ ၁၅-၆-၂၀၁၅

ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန် အတွင်းရှိ အအေးခန်း စက်ရုံ (ပုံ)နှင့် အထည် ဆေးဆိုးစက်ရုံ ၁၇ ရုံမှ စွန့်ပစ်ရေ များတွင် အာဆင်းနစ်ဓာတ် ပါဝင် နေသောကြောင့် ထပ်မံစစ်ဆေး တွေ့ရှိပါက လုပ်ငန်းလိုင်စင် ပိတ်သိမ်း သည်ထိ အရေးယူမည် ဖြစ်ကြောင်း လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီမှ သိရသည်။

ထိုကဲ့သို့ စက်ရုံများမှ စွန့်ပစ်ရေ များတွင် လူကိုဒုက္ခ ဖြစ်စေသည့် အာဆင်းနစ်ဓာတ် ပါဝင်နေမှုကြောင့် သတိပေးခံ ရသည့် စက်ရုံများ ထဲတွင် အထည်ချုပ် စက်ရုံ၊ အအေးခန်း စက်ရုံ နှင့် သွပ်ပြား စက်ရုံများ ပါဝင်သည်ဟု သိရသည်။

ထိုကဲ့သို့ စက်ရုံများက စွန့်ပစ်ရေ များတွင် အာဆင်းနစ် ပါဝင်မှုကို စက်ရုံအလုပ်ရုံ အနီးရှိ ရေမြောင်း များအား စိမ်းလန်း အမိမြေ ဖွံ့ဖြိုး တိုးတက်ရေး အသင်း၏ သုတေသန စစ်ဆေးချက် အရ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး စက်ရုံ စွန့်ပစ်ရေတွင် ဓာတုပစ္စည်း တစ်မျိုးကို လျှော့ထည့်ကာ စွန့်ပစ်ခြင်း ကြောင့် အာဆင်းနစ် ဓာတ် ပါဝင်ခြင်း ဖြစ်သည်ဟု သုတေသန ပြုလုပ်သည့် စိမ်းလန်း အမိမြေ ဖွံ့ဖြိုး တိုးတက်ရေး အသင်းမှ ဓာတုဗေဒ ပါရဂူ တစ်ဦးဖြစ်သူ ဒေါက်တာ ကျော်ငြိမ်းအေး က ပြောသည်။

စိမ်းလန်း အမိမြေ ဖွံ့ဖြိုး တိုးတက်ရေး အသင်းသည် စက်မှုဇုန်များ အနီးရှိ ရေမြောင်းများမှ ရေကို နမူနာယူကာ ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလမှ ၂ဝ၁၅ ခုနှစ်၊ ဧပြီလထိ လှိုင်သာယာ စက်မှုဇုန် အတွင်းရှိ နေရာ ၁၃ ခုတွင် လိုက်လံ စစ်ဆေးခဲ့သည်။

အာဆင်းနစ်ဓာတ် သည် ပိုးသတ်ဆေး၊ ကြွက်သတ်ဆေး၊ အိမ်သုတ်ဆေး၊ မှန်အနောက် နှင့် ကြွေရည်သုတ် ပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုလေ့ ရှိသည်။

အာဆင်းနစ်ဓာတ် ပါသည့် ရေကို သောက်သုံး မိပါက ဝမ်းပျက်၊ ဝမ်းလျှောရောဂါ မှစပြီး အစာအိမ် ကင်ဆာထိ ဖြစ်နိုင်သည် ဟုလည်း သိရသည်။ ထို့ကြောင့် စက်ရုံ လုပ်ငန်းရှင်များ အနေဖြင့် မိမိ စက်ရုံအတွင်း ကိုယ်ပိုင် ဓာတ်ခွဲခန်းနှင့် စွန့်ပစ်ပစ္စည်း များတွင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ရှိ၊ မရှိကို ထိန်းချုပ် နိုင်သည့် စနစ်မျိုး ပြုလုပ် သင့်သည်ဟုလည်း ဒေါက်တာ ကျော်ငြိမ်းအေး က အကြံပြု ထားသည်။ ရန်ကုန်တိုင်း ဒေသကြီးတွင် စက်မှုဇုန်ပေါင်း ၂၄ ခုရှိပြီး စက်ရုံပေါင်း ၃၅ဝဝ ကျော် ရှိကြောင်း သိရသည်။

ကျော်လွင်

#Yadanarpondaily

No comments:

Post a Comment