Pages

Friday, June 5, 2015

ဒလမြို့ အတွင်း နှစ်စဉ်ကြံ့တွေ့နေရသော ရေရှားပါးမှုပြဿနာ တံတားစီမံကိန်းနှင့်အတူ ဖြေရှင်းပေးမည်



ရန်ကုန် ၊ ၅-၆-၂ဝ၁၅

ရန်ကုန်မြို့၏ တစ်ဖက်ကမ်း ဖြစ်သော ဒလမြို့နယ်ကို ဆက်သွယ်မည့် တံတား စီမံကိန်းနှင့် အတူ နှစ်စဉ်ကြုံတွေ့ နေရသော ရေရှားပါးမှု ပြဿနာများ ကိုပါ တစ်ပါတည်း ဖြေရှင်း ပေးသွား မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်၏ ပြောကြားချက် အရ သိရသည်။

ဒလမြို့နယ် အတွင်း နှစ်စဉ် နွေရာသီ ကာလ ရောက်ရှိချိန်တွင် ရေရှားပါးမှု ကြောင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အပါအဝင် တခြားသော ကုသိုလ်ပြု ရေပေးလှူရေး အဖွဲ့များမှ သွားရောက် ရေပေးဝေ ရပြီး ရေကန်များ ကိုလည်း အသစ်တူးဖော် ခြင်းနှင့် ပြန်လည် ဆယ်ယူခြင်း များကို ဆောင်ရွက် ပေးခဲ့သော်လည်း နှစ်စဉ် ရေရှားပါးမှု နှင့် ကြုံတွေ့ နေရခြင်းကြောင့် တံတားအသစ် တည်ဆောက်မည့် စီမံကိန်းနှင့် အတူ တံတားပေါ်၌ ရေသွယ် ပိုက်လိုင်းများ တပ်ဆင်ကာ ရေပို့လွှတ် ပေးနိုင်ရန် ထည့်သွင်း တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရသည်။

တံတားစီမံကိန်း ပြီးစီးပါက ဒလမြို့တွင် ရေလုံလောက်စွာ ရရှိလာမည် ဖြစ်ပြီး ယင်း တံတားစီမံကိန်း အတွက် မကြာမီ တင်ဒါ ခေါ်ယူမှုများ ပြုလုပ်တော့မည် ဖြစ်ကြောင်း၊ ရန်ကုန် - ဒလ တံတား တည်ဆောက်ရန် တောင်ကိုရီးယား နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေ(EDCF) မှ အမေရိကန် ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း ချေးယူ သွားမည်ဖြစ်ကြောင်း၊ ချေးငွေနှင့် ပတ်သက်ပြီး တောင်ကိုရီးယား နိုင်ငံသို့တစ်နှစ်လျှင် ပြန်ပေးဆပ် ရမည့် အတိုးမှာ သုည ဒသမ ဝ၁ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ပျက်ကွက်ပါက ၂ ရာခိုင်နှုန်း ပေးဆပ်ရမည် ဖြစ်ကြောင်းနှင့် ပထမဆုံး အနေနှင့် ဒီဇိုင်းပိုင်း ဆိုင်ရာကို နိုင်ငံတကာ တင်ဒါ ခေါ်ယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

တည်ဆောက်မည့် တံတား၏ အရှည်မှာ ပေ ၆၁၄၄ အရှည်ရှိမည် ဖြစ်ပြီး တံတားအူကြောင်း ရွေးချယ်မှုနှင့် ပတ်သက်၍ လက်ရှိ အဆောက်အအုံ များအား ထိခိုက်မှု အနည်းဆုံး ဖြစ်သော ရန်ကုန်ဘက်ကမ်း၊ ဘုန်းကြီးလမ်းနှင့် ဒလဘက်ကမ်း ဗိုလ်မင်းရောင်လမ်း တို့ကို ရွေးချယ် ထားကြောင်း၊ စီမံကိန်း ကာလအနေဖြင့် ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် အထိ ဆောင်ရွက် သွားမည်ဖြစ်ပြီး တံတား တည်ဆောက်ရေး အတွက် စုစုပေါင်း ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းရှိမည် ဖြစ်ကြောင်း၊ ယင်းတံတား ပြီးစီးပါက ရန်ကုန်မြို့ တစ်ဖက်ကမ်း ဒလမြို့နယ် အပါအဝင် တခြားသော မြို့များနှင့် ရန်ကုန်မြို့အား ဆက်သွယ်သော အဓိကတံတား တစ်စင်း ဖြစ်လာမည့် အပြင် တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး စသည့် မြို့နယ်များမှ ရန်ကုန်မြို့သို့ လာရောက် အလုပ်လုပ်ကိုင် သူများ အတွက် အဆင်ပြေစွာ သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment