Pages

Friday, June 5, 2015

ကျောင်းအပ်နှံရန် ကျန်ရှိနေသော ကလေးများကို ဆက်လက်အပ်နှံနိုင်ရန် ရက်သတ္တပတ်အဖြစ် ဇွန်လ ဒုတိယပတ်အထိ ကျောင်းအပ်နှံရက် တိုးမြှင့်သတ်မှတ်



ရန်ကုန် ၊ ၅-၆-၂၀၁၅

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အတွက် မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ် အဖြစ် သတ်မှတ် ဆောင်ရွက်ခဲ့ သော်လည်း ကျောင်းအပ်နှံရန် ကျန်ရှိနေသော ကလေးများ အတွက် ကျောင်းအပ်နှံရန် ရက်သတ္တပတ်ကို ဇွန်လ ဒုတိယပတ် အထိ တိုးမြှင့်သတ်မှတ် ဆောင်ရွက်ရန် ညွှန်ကြားမှုများ ရှိကြောင်း သိရသည်။

နိုင်ငံတော်မှ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး မျှော်မှန်းချက်နှင့် မဟာဗျူဟာ လုပ်ငန်းစဉ်များကို အကောင် အထည်ဖော် နိုင်ရန် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ် များကို နှစ်စဉ် တိုးတက်၍ သုံးစွဲလျက် ရှိသည်။ ပညာရေး အသုံးစရိတ် တွင်၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၃၆၉ ဒသမ ၁၄ ဘီလီယံ သုံးစွဲခဲ့ရာမှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၅၁၄ ဒသမ ၇၇ ဘီလီယံ တိုးမြှင့် အသုံးပြုမည် ဖြစ်သည်။

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် ကာလအတွင်း မြို့နယ်အလိုက် ကျောင်းအပ်နှံရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ သူငယ်တန်း ဝင်ရောက်သည့် အသက် ၅ နှစ်
အရွယ် ၁ဝ၈ဝ၇၂ ဦးနှင့် ၆ နှစ်နှင့် အထက် ၁၄၄၆၄ ဦး ရှိသည့်အနက်မှ အမှန်တကယ် သူငယ်တန်း ဝင်ရောက်သူ ဦးရေမှာ ၁၂၂၅၃၆ ဦးဖြစ်သည့် အတွက် ရန်ကုန်တိုင်း ဒေသကြီး၏ အသားတင် သူငယ်တန်း ကျောင်းဝင်နှုန်းမှာ ၉၉ ဒသမ ၉ဝ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ပညာရေး ဝန်ကြီးဌာန သည် ပုံမှန် အသက်ထက် ကျော်လွန်၍ ကျောင်းအပ်နှံ လာသည့် သူငယ်တန်း ကလေးများကို မူလတန်း ပညာ သင်ယူ ပြီးမြောက်ခြင်း မရှိဘဲ ကျောင်းထွက် ခဲ့ရာမှ ပြန်လည် တက်ရောက်သည့် အရွယ်လွန် ကလေးများ မူလတန်းပညာ သင်ကြားရေး (အထူး) သင်ရိုး မာတိကာများ နှင့်အညီ ဆက်လက် လေ့ကျင့် သင်ကြား ပေးလျက်ရှိသည်။ ၄င်းအပြင် လူတိုင်း အကျုံးဝင် ပညာရေး အစီအစဉ် အရ ကိုယ်လက် မသန်စွမ်း သူများ၊ အမြင်အာရုံ ချို့တဲ့ ကလေးများ၊ ကျောင်းနေရန် အခက်အခဲ ရှိသူများ၊ မူလတန်း ပညာ မပြီးဆုံးမီ ကျောင်းထွက်ခဲ့ ရသည့် ကလေးများအား အခြေခံပညာ ကျောင်းများနှင့် ကျောင်းပြင်ပ ပညာရေး စာသင်ဝိုင်း များတွင် သင်ကြား ပေးလျက် ရှိကြောင်း သိရသည်။

ဝန်းရံခ

#Themyawadydaily

No comments:

Post a Comment