Pages

Thursday, June 18, 2015

ကိုရီးယားငလျင် ကို ဘယ်လို ကာကွယ်ကြမလဲ



ကိုရီးယားငလျင် ကို ဘယ်လို ကာကွယ်ကြမလဲ

နှောင်း

ကိုရီးယားငလျင် လို့ ကျွန်မကတော့ ဒီလိုပဲ နာမည်တပ် လိုက်ချင်ပါတယ်။ ဒီငလျင်က တသိမ့်သိမ့်နဲ့ နေ့စဉ်မပြတ် လှုပ်ခတ်နေတဲ့ ငလျင်ပါ။ လူတွေ အလွန်ကြိုက်တဲ့ ငလျင်ပေါ့။ ဒါပေမဲ့ သူ့ရဲ့ အရှိန်က မသေးဘူး။ ဒီငလျင်ရဲ့လှုပ်ခတ်မှု အောက်မှာ ကျွန်မတို့ ယဉ်ကျေးမှုတွေ အတုံးအရုံး ပြိုလဲကျ ကုန်တယ်။ ကိုရီးယား ဇာတ်ကားတွေကို ကျွန်မတို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ရုပ်မြင်သံကြား လိုင်းပေါင်းစုံက လွှင့်နေကြတယ်။ ကလေး၊လူကြီး၊ လူငယ်၊ လူလတ် မကျန် ကြည့်ကြတယ်။ ဒီလို ကြည့်လာတဲ့ သက်တမ်း၊ လွှင့်လာတဲ့ သက်တမ်းကလဲ ၁ဝ နှစ်ကျော် ကြာပြီဆိုတော့ ယဉ်ကျေးမှု တွေလဲ ရောထွေး၊ သူ့ ယဉ်ကျေးမှုကို ကိုယ့် ယဉ်ကျေးမှု အလား လက်ခံကျင့်သုံး နေကြပါပြီ။ တကယ်တော့ ရုပ်ရှင်ဆိုတာ ပြည်သူကို အလွှမ်းမိုး နိုင်ဆုံး အရာတစ်ခုပါ။ ရုပ်ရှင်မင်းသား၊ ရုပ်ရှင် မင်းသမီး ဝတ်သမျှကို အပြင်မှာ လိုက်ဝတ်တတ် ကြတယ်။ ရုပ်ရှင်ထဲက မင်းသား၊ မင်းသမီးရဲ့ နေပုံထိုင်ပုံ၊ အပြုအမူ၊ အပြောအဆို၊ အဝတ်အစား၊ အကုန်လုံးကို လိုက်လုပ်တတ် ကြတယ်။ အခုနောက်ပိုင်း လွှင့်နေတဲ့ ကိုရီးယား ဇာတ်ကား တော်တော် များများမှာ လူမှုရေး ဖောက်ပြန် တာတွေကို ဇာတ်အိမ် တည်ပြီး ရိုက်ထားတာ တွေ့ရတယ်။

အခုလွှင့်နေတဲ့ ဇာတ်လမ်း တစ်ပုဒ်ရှိ ပါတယ်။ ဇာတ်လမ်းထဲမှာ ပညာတော်သင် သွားတဲ့ မင်းသမီးက နိုင်ငံခြားမှာ လက်မထပ်ဘဲ ကလေး တစ်ယောက် ရခဲ့ပါတယ်။ သူနိုင်ငံကို ပြန်လာတဲ့  အချိန် မင်းသားနဲ့ တွေ့ပြီး မင်းသားက ကလေးအမေ မင်းသမီးကို တမ်းတမ်းစွဲ ကြိုက်ပါတယ်။ ကလေး အဖေကို လူဆိုးဖြစ်အောင် ဇာတ်အိမ် တည်ပြီး လူပျို မင်းသားနဲ့ ကလေး တစ်ယောက်အမေ မင်းသမီးကို ခုမှပဲ အချစ်စစ် တွေ့တာလိုလို နဲ့ လူငယ်တွေ အတုယူ မှားအောင် ရိုက်ပြထားတယ်။ မြန်မာ့ ယဉ်ကျေးမှု နဲ့ သိပ်ကို ဆန့်ကျင် နေတယ်။ လူငယ်တွေရဲ့ စိတ်မှာ အတွေးမှားတွေ ဝင်သွား နိုင်တယ်။ တချို့ ဇာတ်လမ်းတွေ ပိုဆိုး ပါသေးတယ်။ ဇနီး မောင်နှံနှစ်ယောက် ယောက်ျားကလဲ တခြားမိန်းမ နဲ့ ဖောက်ပြန်၊ မိန်းမကလဲ တခြား ယောက်ျားနဲ့ ဖောက်ပြန်၊ ဖောက်ပြန် နေတဲ့သူတွေ ကလဲ အိမ်ထောင်ရှိတဲ့ သူတွေ၊ သိပ်ကို ကြောက်စရာ ကောင်းတဲ့ ဇာတ်လမ်း တွေပါ။ ဒီလို ဇာတ်လမ်းတွေကို ကြည့်ရင်း ကြီးပြင်းလာ ရတဲ့ လူငယ်တွေ အတွက် လူမှုရေး ဖောက်ပြန် တာတွေဟာ မဆန်းတဲ့ ကိစ္စတွေလို့ ထင်မြင် ယူဆ သွားနိုင်ပါတယ်။

အခုဆိုရင် ကလေးတွေဟာ စာဖတ်အား အလွန်နည်း သွားပြီး ကွန်ပျူတာ၊ အင်တာနက်၊ တီဗွီ ဇာတ်လမ်းတွဲ တွေနဲ့ပဲ အားလပ်ချိန်ကို ကုန်ဆုံး နေကြတာ တွေ့မြင်ရတယ်။ ကလေး သဘာဝ အတုမြင် အတတ်သင် တတ်တဲ့ အရွယ်မှာ မမြင်သင့်တာ တွေမြင်ပြီး မတတ်သင့် တာတွေ တတ်သွားမှာ စိုးရိမ်ရတယ်။ အင်တာနက်ကို သွားပိတ်လို့ မရသလို လွှင့်နေတဲ့ ဇာတ်လမ်းတွဲ တွေကိုလဲ မကြည့်နဲ့လို့ ပိတ်ပင်ဖို့ မလွယ်ပါဘူး။ ဒီ အခြေအနေမှာ ကျွန်မတို့ မိဘ၊ ဆရာတွေ အကောင်းဆုံး လုပ်ပေးနိုင်မယ့် နည်းလမ်းကတော့ ကလေးတွေကို စာဖတ်ဖြစ် လာအောင် ဘေးကနေ ဝိုင်းဝန်း ကြိုးစား ပေးဖို့ပါပဲ။ စာအုပ်ကောင်း တစ်အုပ်ဟာ ဆရာကောင်း တစ်ယောက်နဲ့ ညီမျှပါတယ်။ ကလေးအရွယ် ဖတ်ရှုဖို့ ကောင်းမွန်တဲ့ စာအုပ်တွေ အများအပြားကို ဈေးကွက်မှာ တွေ့မြင် နေရတယ်။ ဝယ်ယူ ဖတ်ရှုတဲ့သူ အရေအတွက် ကတော့ အလွန်ကို နည်းပါး လွန်းတယ်။ စာအုပ်ရဲ့ မာတိကာကို ကြည့်လိုက်ရင် စာအုပ် ဖြန့်ချိတဲ့ အရေအတွက် အုပ်ရေ ၅ဝဝ၊ အလွန်ဆုံးမှ ၁ဝဝဝ သာ ရှိတာကို တွေ့ရတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကလေး အရေအတွက်နဲ့ နှိုင်းယှဉ်ရင် အဆပေါင်း များစွာ နည်းပါး ပါတယ်။

ကလေးတွေ အတွက် လေးစား အားကျရတဲ့ လူပုဂ္ဂိုလ်တွေ၊ ဇာတ်ကောင်တွေ ရှိသင့်ပါတယ်။ ဒီ ဇာတ်ကောင်တွေ အကြောင်းကို စာအုပ်တွေက တစ်ဆင့် ကလေးတွေ တွေ့ရှိ နိုင်တယ်။ ဗုဒ္ဓဝင်နဲ့ ပတ်သက်တဲ့ ကလေးဖတ် ရုပ်ပြ စာအုပ်တွေ၊ ငါးပါးသီလ အကြောင်း၊ ငရဲအကြောင်း၊ ငါးရာ့ငါးဆယ် ဇာတ်နိပါတ် တွေအကြောင်း ကလေးဖတ် ပညာပေး ရုပ်ပြ စာအုပ်တွေ အများကြီး ရှိပါတယ်။ ဒီစာအုပ် တွေကို ဖတ်မိတဲ့ ကလေး တစ်ယောက်ဟာ ဗုဒ္ဓမြတ်စွာ အပေါ်မှာ ရိုသေ ကိုင်းညွတ်တဲ့ စိတ်တွေဖြစ် ပေါ်လာမယ်။ ကိုယ်ကျင့်တရား ကောင်းမွန်မှု နဲ့ ပတ်သက်တဲ့ စိတ်ထားတွေ ကိန်းဝပ် လာနိုင်တယ်။ ကလေး သဘာဝ သူတို့ အားကျတဲ့ ဇာတ်ကောင်တွေ အတိုင်း လိုက်လံပြုမူ တတ်တာ ဖြစ်လို့ ဘုရားလောင်းရဲ့ စိတ်ထားတွေ ကလေးရင်ထဲ ထည့်ပေး နိုင်ခဲ့ရင် ဒါဟာ ဆရာ၊ မိဘတွေ အတွက် အကောင်းဆုံး အမွေပေးမှု တစ်ခုပါပဲ။ ဗိုလ်ချုပ် အောင်ဆန်းကို အားကျတဲ့ ကလေး တစ်ယောက်က ဗိုလ်ချုပ်ရဲ့ အမူအကျင့် တွေကို အတုယူမယ်။ စိတ်ဓာတ်ကို အတုယူမယ်။ ဒါဟာ ကလေးရဲ့ စိတ်ထဲမှာ ဗိုလ်ချုပ်ရဲ့ ဝိညာဉ် ကိန်းဝပ်သွား တာပါပဲ။ မာသာထရီဇာ ကို အားကျတဲ့ ကလေး တစ်ယောက်က ပရဟိတ စိတ်ဓာတ်တွေ ကိန်းဝပ် လာမယ်။ အများအကျိုး အတွက် လုပ်ချင် လာမယ်။ ပေါ်လီယာနာ စာအုပ်ကို ဖတ်မိလို့ ပေါ်လီယာနာ ကို အားကျသွားတဲ့ ကလေး တစ်ယောက်က ရင်ထဲမှာ အကောင်းမြင် တတ်တဲ့ စိတ်တွေ ကိန်းဝပ် လာပါလိမ့်မယ်။

စာဖတ်ခြင်းကို အလေ့အကျင့် တစ်ခုအနေနဲ့ အစဉ်အမြဲ ကျင့်သုံးသွားရင် ကောင်မွန်တဲ့ အလေ့အကျင့် ကောင်းတစ်ခု ဖြစ်လာနိုင်တယ်။ ကျွန်မတို့ အနေနဲ့ ကလေး တစ်ယောက် စာဖတ်ဖြစ် လာအောင် စွမ်းဆောင် ပေးနိုင်ဖို့ပဲ လိုတယ်။ ပထမပိုင်း မှာတော့ မိဘ၊ ဆရာသမား တွေက ကောင်းမွန်တဲ့ စာပေတွေ ဖတ်မိစေဖို့ ရွေးချယ်ပေး ရမယ်။ နောက်ပိုင်း မှာတော့ မိဘက ရွေးချယ်ပေးစရာ မလိုဘဲ စာအုပ်စာပေတွေ ဖတ်ရင်း ရလာတဲ့ အသိ ဉာဏ်နဲ့ ကလေးတွေ ကိုယ်တိုင် ရွေးချယ်သွား ပါလိမ့်မယ်။ ကလေး တစ်ယောက်ကို အချိန်ပြည့် အနီးကပ် လိုက်ပါ စောင့်ရှောက်ဖို့ က မလွယ်ကူ ပါဘူး။ ကလေးတွေကို တကယ် အပြည့်အဝ လိုက်လံ စောင့်ရှောက် ပေးနိုင်တာက သူတို့ရဲ့ ကိုယ်ပိုင် အသိဉာဏ် ပါပဲ။ သုတစာပေ တွေက လူတစ်ယောက်ရဲ့ အသိဉာဏ်ကို အဆင့်မြှင့်တင် ပေးပြီး ရသစာပေ တွေကတော့ နှလုံးသား နူးညံ့ သိမ်မွေ့မှုနဲ့ ကိုယ်ကျင့်တရား ဖြောင့်မတ် ခိုင်မာမှုကို ဦးတည် ပါတယ်။ စာဖတ်တဲ့သူဟာ စာမဖတ်တဲ့ သူထက် အမြဲတမ်း ခေါင်းတစ်လုံး ပိုမြင့်ပါတယ်။ အနာဂတ် ကာလမှာ အသိဉာဏ် မြင့်မားပြီး နူးညံ့သိမ်မွေ့တဲ့ လူ့အဖွဲ့အစည်း တစ်ခုကို ပုံဖော်နိုင်ဖို့ အတွက် မိဘနဲ့ဆရာ ပူးပေါင်းပြီး ကျွန်မတို့ရဲ့ မျိုးဆက်သစ် လူငယ်တွေကို ခေါင်းတစ်လုံး ပိုမြင့်အောင် ဆောင်ရွက်ကြ ရအောင်၊ ဒီလို ဆောင်ရွက် နိုင်ကြရင် လူငယ်တွေဟာ ထိုးဖောက် ဝင်ရောက် လာတဲ့ နိုင်ငံခြား ယဉ်ကျေးမှု တွေကို အလိုလို ရှောင်ကွင်း တတ်လာမှာ ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရ ပါတယ်။

#Yadanarpondaily

No comments:

Post a Comment