Pages

Tuesday, June 2, 2015

ပြည်တွင်းမှ ပုဂ္ဂလိက ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများကို ပြည်ပခရီးစဉ်များပါ လုပ်ကိုင် ဆောင်ရွက်ခွင့်ပြု



ရန်ကုန် ၊ ၂-၆-၂ဝ၁၅

ပြည်တွင်း ပုဂ္ဂလိက ခရီးသွားလုပ်ငန်း လုပ်ကိုင် သူများကို ပြည်ပ ခရီးစဉ် (Outbound Tour) များ စီစဉ် ဆောင်ရွက်ခွင့် ပြုထားပြီဖြစ်ရာ ယခုအခါ သက်ဆိုင်ရာ ဌာနများ၌ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်များ လျှောက်ထား နိုင်ကြောင်း သိရသည်။

ယခုနှစ်တွင် ပြည်တွင်းမှ မြန်မာ နိုင်ငံသား များသည် ပြည်ပနိုင်ငံ များသို့ အလည် သွားရောက်ခြင်း၊ သွားရောက် ဆေးကုသခြင်း၊ နိုင်ငံတကာ ပြပွဲ ပြိုင်ပွဲများနှင့် နှီးနှောဖလှယ် ပွဲများ တက်ရောက်ခြင်း စသည့် အကြောင်း အမျိုးမျိုးဖြင့် နိုင်ငံရပ်ခြား သို့ ခရီးသွားလာမှု ပိုမိုများပြား လာသောကြောင့် ပြည်တွင်းမှ ခရီးသွား ကုမ္ပဏီများကို ပြည်ပခရီးစဉ် (Outbound Tour) များ လုပ်ကိုင် ဆောင်ရွက်ခွင့် ပြုရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီး ဌာနမှ သိရသည်။

အဆိုပါ လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် လျှောက်ထား လိုသော ကုမ္ပဏီများသည် ပြည်တွင်း ခရီးသွား လုပ်ငန်းကို အနည်းဆုံး နှစ်နှစ်ကြာ တရားဝင် လုပ်ကိုင်ဖူး ရမည်ဖြစ်ပြီး လုပ်ကိုင် ဆောင်ရွက်ခဲ့စဉ် အခါ ကလည်း ပြဿနာ တစ်စုံတစ်ခု ဖြစ်ပေါ်ခဲ့ဖူးခြင်း မရှိရန် လိုအပ်သည်။ ထိုသို့ သတ်မှတ် ထားသော စည်းမျဉ်း စည်းကမ်းများနှင့် ကိုက်ညီမှု ရှိသော ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များ အနေဖြင့် လိုအပ်သော အထောက်အထား များနှင့် စာရွက်စာတမ်း များ စုစည်း ယူဆောင်ကာ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန၌ လာရောက် လျှောက်ထား နိုင်ကြောင်း သိရသည်။

ထို့အပြင် ပြည်ပခရီးစဉ် (Outbound Tour) များ လုပ်ကိုင် ဆောင်ရွက်ခွင့် ရရှိသော ကုမ္ပဏီများ အနေဖြင့် ၄င်းတို့ စီစဉ်ပေးသည့် ပြည်ပ ခရီးစဉ်များဖြင့် သွားရောက် ကြသော ခရီးသွားများ အတွက် သယ်ယူ ပို့ဆောင်ရေး၊ နေထိုင် တည်းခိုရေး၊ ဘေး အန္တရာယ် ကင်းရှင်းစေရေး နှင့် ကျန်းမာရေး တို့အတွက် တာဝန်ယူ၍ ကြိုတင်စီစဉ် ဆောင်ရွက် ပေးနိုင်ရမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment