Pages

Monday, May 11, 2015

Honda ကုမ္ပဏီမှ မြန်မာနိုင်ငံ၌ မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် စက်ရုံတည်ဆောက်မည်



ရန်ကုန် ၊ ၁၁-၅-၂၀၁၅

ဂျပန်နိုင်ငံ၏ နာမည်ကြီး မော်တော်ယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သည့် Honda ကုမ္ပဏီမှ ၂ဝ၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ အတွင်း၌ မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် စက်ရုံကို တည်ဆောက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

''မန္တလေး ဒါမှမဟုတ် တောင်ကြီးမှာ Honda ကုမ္ပဏီက ဆိုင်ကယ် ထုတ်လုပ်တဲ့ စက်ရုံ တည်ဆောက်သွား မှာပါ။ မြန်မာနိုင်ငံ အတွင်း ဆိုင်ကယ်စီးလို့ ရတဲ့ ဒေသတွေမှာ နေတဲ့ ပြည်သူတွေ ဆိုင်ကယ် ဝယ်ယူတဲ့ အခါမှာ ဈေးသက်သက် သာသာနဲ့ ဝယ်လို့ရအောင် Honda ကုမ္ပဏီက ပြည်တွင်းမှာ ဆိုင်ကယ် ထုတ်လုပ်တဲ့ စက်ရုံ လာတည်ဆောက် တာပါ။ Honda ဆိုင်ကယ်တွေက မော်ဒယ်လ်မြင့်ပြီး အရည်အသွေး ကောင်းတာကြောင့် မြန်မာပြည်သူ ပြည်သားတွေ သဘောကျ ကြမှာပါ'' ဟု Honda ကုမ္ပဏီ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Honda ကုမ္ပဏီသည် မြန်မာနိုင်ငံ အတွင်း၌ မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်ရန် ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။

ံHonda ကုမ္ပဏီသည် မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် အခါ လုပ်ငန်းသုံး မော်တော်ဆိုင်ကယ် နှင့် အလှစီး မော်တော်ဆိုင်ကယ် ဟူ၍ အမျိုးအစား နှစ်မျိုး ခွဲခြားထုတ်လုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Honda မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် စက်ရုံ မြေနေရာ အနီးနားတွင် Honda မော်တော်ဆိုင်ကယ် စက်ပစ္စည်း အပို ထုတ်လုပ်သည့် စက်ရုံတစ်ခု ကိုလည်း တည်ဆောက် သွားရန် စီစဉ်ထားကြောင်း သိရသည်။

Honda ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် တည်ဆောက်မည့် မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် စက်ရုံမှ တစ်နှစ်လျှင် အနည်းဆုံး အစီးရေ ရှစ်သိန်း ထုတ်လုပ်ရန်နှင့် ကမ္ဘောဒီးယား နှင့် လာအို စသည့်နိုင်ငံ များသို့လည်း တင်ပို့ရောင်းချ သွားရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီမှ မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် စက်ရုံ တည်ဆောက်ရာတွင် အမေရိကန် ဒေါ်လာ ၆ သန်း ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်သည်။ လက်ရှိ အချိန်တွင် ပြည်တွင်းရှိ မော်တော်ဆိုင်ကယ် ဈေးကွက်၌ တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံထုတ် မော်တော်ဆိုင်ကယ် များသာ အဓိက နေရာယူ ထားကြောင်း သိရသည်။

Honda ကုမ္ပဏီသည် ကမ္ဘာ့နိုင်ငံ တချို့တွင်လည်း မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် စက်ရုံများ တည်ဆောက် ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ နာမည်ကြီး မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် ကုမ္ပဏီတချို့ ကလည်း ပြည်တွင်း၌ မော်တော်ဆိုင်ကယ် ထုတ်လုပ်သည့် စက်ရုံများ တည်ဆောက်၍ ရင်းနှီးမြှုပ်နှံ ရန် စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။

မင်းသော်တာလွင်

#Themyawadydaily

No comments:

Post a Comment