Pages

Tuesday, May 26, 2015

သစ်တောထွက်ပစ္စည်းများ မှီခိုနေရသော ဒေသခံများက ဖမ်းဆီးသော သစ်တောဝန်ထမ်းများကို တိုက်ခိုက်ရန်ပြုလာ



မကွေး ၊ ၂၆-၅-၂၀၁၅

မကွေးတိုင်း ဒေသကြီး အတွင်းရှိ သစ်တော ထွက်ရှိရာ ဒေသများတွင် တရားဝင် သစ်ထုတ်လုပ်မှု တစ်နှစ်လျှင် တန်သုံးထောင် ထက်မနည်း ထုတ်လုပ်လျက် ရှိရာတွင် ဒေသခံ များမှာ စိုက်ပျိုးမြေ ရှားပါးခြင်း၊ သစ် ဝါး ဖမ်းဆီးမှု မြင့်တက်ခြင်း နှင့် မိုးခေါင် ရေရှားခြင်း များကြောင့် သစ်တောထွက် ပစ္စည်းများကို မှီခို နေရသော ဒေသများက ဖမ်းဆီးသော သစ်တော ဝန်ထမ်းများကို တိုက်ခိုက် ရန်ပြုမှုများ ရှိလာကြောင်း မေ ၂၄ ရက်က မကွေးတိုင်း ဒေသကြီး စလင်းမြို့နယ် ဝါးလုပ်ငန်းရှင် များအသင်းမှ ဝါးကုန်သည် တစ်ဦးက တောတွင်း အတွေ့အကြုံ များကို ပြောပြသည်။

''စေတုတ္ထရာ မြို့နယ်မှာ သစ်တော ဝန်ထမ်းတစ်ဦး ဓားနဲ့ အခုတ်ခံရတယ်။ အဲဒီမှာက တောင်ယာ မခုတ်ရတော့ တောင်သူတွေက တဖြည်းဖြည်း အခက်အခဲ တွေ့လာတယ်။ အခြား အစားထိုး သီးနှံ စိုက်ပျိုး နည်းလဲ မရတော့ သစ်တောကိုပဲ မှီခို စားသောက်တာ များပါတယ်။ အဖမ်းအဆီး များတော့ ဒေသခံတွေက အခြား လုပ်စရာ မရှိတော့ လာဖမ်းတဲ့ ဝန်ထမ်းတွေကို ရန်ပြုလာတာ ဖြစ်ပါတယ် .. '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

ထိုသို့ တရားဝင် ဖမ်းဆီးမှုများ မပြုလုပ်ခင်က စေတုတ္ထရာ ဒေသခံ များမှာ သစ်တော ဝန်ထမ်းများကို ဖမ်းဆီးသစ် ပြသနိုင်ရန် ကျေးရွာများ အလိုက် ကူညီပေး ခဲ့ရပြီး ယခုကဲ့သို့ စားဝတ်နေရေး ခက်ခဲ လောက်အောင် ဖမ်းဆီး လာမှုကြောင့် ထိုသို့ ခိုက်ရန်ပြု မှုများ ရှိလာခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောပြသည်။

မကွေးတိုင်း ဒေသကြီး သည် မြန်မာ့ အကောင်းဆုံး ကျွန်းသစ် ထွက်ရှိရာ ဒေသဖြစ်သည်။ သစ်တောများ ရှိရာ ဒေသများတွင် လယ်ယာ နည်းပြီး မိုးကောင်းမှသာ စိုက်ပျိုးနိုင် သောကြောင့် သစ် ဝါး အပေါ်တွင် မှီခိုစားသောက် နေရသည်။ ဝမ်းစာဆန် အတွက် ပွင့်ဖြူနှင့် စလင်းမြို့နယ် တို့တွင်သာ အဓိက ဝယ်ယူ စားသောက် နေရသည်။ ထို့ပြင် အိမ်သုံး မျောတိုင်နှင့် ဝါးရောင်းချ သူများမှာလည်း ဒေသ လိုအပ်ချက် အရ တရားဝင် ရောင်းချနိုင်သော လိုင်စင် လိုအပ် နေကြောင်း အိမ်သုံးဝါးနှင့် မျောတိုင် ရောင်းချ သူများက ပြောပြ၍ သိရသည်။

စောကျော်ဝင်း (စလင်း)

#Yadanarpondaily

No comments:

Post a Comment