Pages

Tuesday, May 26, 2015

မန္တလေးမြို့တွင် အထပ် ၂၀ နှင့်အထက် အဆောက်အအုံ ဆောက်လုပ်မှု များလာသော်လည်း မီးလောင်မှု ဖြစ်ပွားပါက ငါးထပ်အထိသာ မီးငြှိမ်းသတ်နိုင်



မန္တလေး ၊ ၂၆-၅-၂၀၁၅

မန္တလေးတိုင်း ဒေသကြီးတွင် ဈေးကွက် စီးပွားရေးအမြင် ကျယ်လာသည်နှင့် ယခု နောက်ပိုင်း၌ ခေတ်မီ တိုးတက်လာသည့် အထပ်မြင့် အဆောက်အအုံ အထပ် ၂ဝ နှင့် အထက် ဆောက်လုပ်မှု ပိုများ လာသော်လည်း မီးလောင်မှု ဖြစ်ပွားလျှင် မီးငြှိမ်းသတ် နိုင်မှု အားနည်း နေသေးကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီး၌ အထပ်မြင့် မီးသတ်ကား လေးစီးရှိပြီး ၄င်း ယာဉ်များသည် အထပ်မြင့် တိုက်များ မီးလောင်မှုတွင် ပိတ်မိနေသော သူများကို ကယ်ဆယ် ဆောင်ရွက်ရာ၌ လည်းကောင်း၊ အထပ်မြင့် မီးငြှိမ်းသတ် ရာတွင် လည်းကောင်း အသုံးပြု နိုင်သဖြင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ် စောင့်ရှောက်ရာ ရောက်ကြောင်း၊ ၂ဝ၁ဝ- ၂ဝ၁၁ ဘဏ္ဍာနှစ်မှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်ထိ မြို့နယ် ခြောက်မြို့နယ် (ပုသိမ်ကြီး မြို့နယ်မပါ) ရှိ အထပ်မြင့် ငါးထပ်နှင့် အထက် အဆောက်အအုံ အလုံးပေါင်း ၃၁၂ လုံး စိစစ်ခွင့်ပြု ခဲ့ပြီး ဖြစ်ကြောင်း၊ အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရာ၌ စည်ပင်နှင့် မီးသတ် ဌာနတို့၏ ထောက်ခံချက်၊ အကြံပြုချက် ရရှိမှသာ  ဆောက်လုပ် သင့်ကြောင်း၊ သို့မှသာ မီးဘေး အန္တရာယ် ဖြစ်ပွားပါက ကြိုတင် ကာကွယ် နိုင်မည် ဖြစ်ကြောင်း မီးသတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အထပ်မြင့် ငါးထပ်နှင့် အထက် အဆောက်အအုံများ မီးလောင်မှု ဖြစ်ပွားလျှင် ငြှိမ်းသတ်နိုင်မှု အားနည်း နေခြင်းကြောင့် အထပ်မြင့် တိုက်များတွင် ရေလုံလောက်စွာ ထားရှိခြင်း၊ အပူမီးခိုး ထောက်လှမ်းသော ကိရိယာများ ထားရှိခြင်း၊ မီးအချက်ပြ စနစ် ထားရှိခြင်း၊ မီးသတ်ပိုက်လိပ်များ ထားရှိခြင်း စသည့် အကြံပြုချက် ၂၁ ချက်အတိုင်း လိုက်နာ ဆောင်ရွက် သင့်ကြောင်း၊ မီးလောင်မှု ဖြစ်ပွားပါက အထပ်မြင့် ငါးထပ်ထိသာ မီးငြှိမ်းသတ် နိုင်သေးကြောင်း၊ မီးဘေး အန္တရာယ် ဖြစ်ပွားမှ ငြှိမ်းသတ်ခြင်း ထက် ကြိုတင် ကာကွယ်ခြင်း လုပ်ငန်းများကို အဓိက ဦးစားပေး လုပ်ဆောင် ထားသင့်ကြောင်း ၄င်းက ဆက်လက် ပြောပြ၍ သိရသည်။

မမာ

#Yadanarpondaily

No comments:

Post a Comment