Pages

Friday, May 29, 2015

ဖီဖာအမှုဆောင်များ ဖမ်းဆီးခံရခြင်းကြောင့် ဖီဖာအတွက် စပွန်ဆာ ပေးထားသည့် ကုမ္ပဏီများ စပွန်ဆာရုပ်သိမ်းရန် စီစဉ်နေ



ဇူးရစ် ၊ ၂၉-၅-၂၀၁၅

ဗုဒ္ဓဟူးနေ့က ဆွစ်ဇာလန် နိုင်ငံ ဇူးရစ်မြို့၌ အက်ဖ်ဘီအိုင် နှင့် ဆွစ်ဇာလန် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ သောကြာနေ့ ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲ ကျင်းပရန် ရောက်ရှိ နေကြသော ဖီဖာအမှုဆောင် အဖွဲ့ဝင် ခုနစ်ဦးကို ဖမ်းဆီးပြီး ဖီဖာနှင့် ပတ်သက်၍ ပေါင်သန်း ၁ဝဝ ကျော်ကို လာဘ်စား ရယူခဲ့မှုဖြင့် ၁၄ ဦးကို အမေရိကန် အာဏာပိုင် များက အရေးယူ ခဲ့သည်။

ဖမ်းဆီးခံ ရသူများထဲတွင် ဖီဖာ ဒုတိယ ဥက္ကဋ္ဌ ဂျက်ဖရီဝက်ဘ်၊ ထိုင်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဝိုရာဝီမာကူဒီ၊ ကော်စတာရီကာ မှ ကွန်ကာကက်ဖ် ဘောလုံးအဖွဲ့ချုပ် အမှုဆောင် အီဒူရာဒိုလီ၊ ဥရုဂွေးမှ ဖီဖာ ဒုတိယ ဥက္ကဋ္ဌ ဖစ်ဂွါဒို တို့ ပါဝင်ခဲ့ သလို နီကာရာဂရာ မှ ဂျူလီယိုရိုချာ၊ ဗြိတိန်မှ ကော့စတက်ကက်စ်၊ ဘင်နီဇွဲလား မှ အက်စကွီဗယ်၊ ဘရာဇီး မှ ဂျိုဆေး မာရီယာမာရင်၊ ပါရာဂွေးမှ နီကိုး လပ်စ်လီယို့ဇ်၊ အာဂျင်တီးနား မှ ဘာဇာကို၊ အမေရိကန် မှ အေရွန်ဒေးဗစ်ဆန်၊ အာဂျင်တီးနား မှ ဟူဂိုဂျင်ကစ်၊ မာရီယာနိုဂျင်ကစ် နှင့် ဘရာဇီးမှ ဂျိုဆေးမာဂူလီ တို့ ၁၄ ဦး ပါဝင်သည် ဟု ဆိုသည်။

ဖီဖာဒုတိယ ဥက္ကဋ္ဌဟောင်း ဂျက်ဝါနာ သည်လည်း ဗုဒ္ဓဟူးနေ့က မွေးရပ် ထရီနီဒက် နိုင်ငံ၌ အမှု ၁၂ ခုဖြင့် စွဲချက်တင် ခံထားရခြင်းကြောင့် ကိုယ်တိုင် ရဲစခန်းသို့ သွားရောက် ဖမ်းဆီးခံခဲ့သည်။

ဖီဖာဥက္ကဋ္ဌ ဘလတ္တာ သည် ဗုဒ္ဓဟူးနေ့က အာဖရိက နှင့် တောင်အမေရိက ဘောလုံး အဖွဲ့ချုပ်များ ကွန်ဂရက်သို့ တက်ရောက် လာခြင်း မရှိသလို ကြာသပတေးနေ့ တွင် ဇူးရစ်၌ ကျင်းပသည့် ဖီဖာ ဆေးဘက်ဆိုင်ရာ ကွန်ဂရက် သို့လည်း တက်ရောက်ခြင်း မရှိခဲ့ပေ။

ဆွစ်ဇာလန် ရဲတပ်ဖွဲ့က ၂ဝ၁၈ ခုနှစ်နှင့် ၂ဝ၂၂ ခုနှစ် ကမ္ဘာ့ဖလား ပွဲများကို ရုရှားနှင့် ကာတာ တို့ အိမ်ရှင်လုပ်ခွင့် ရသွားခြင်း၌ ဖီဖာ အမှုဆောင်များ ထံမှ လာဘ်ထိုးမဲ ဝယ်ယူခဲ့မှုကို ဆက်လက် စုံစမ်းသွားမည် ဟု အတည်ပြု ပြောကြားသည်။

ဖီဖာတွင် ဒုတိယဥက္ကဋ္ဌ များ အပါအဝင် အမှုဆောင် များသည် အစဉ်အဆက် လာဘ်စား၍ ငွေကြေး ခဝါချမှုများ ရှိခြင်းကြောင့် ဖီဖာမှ ကြီးမှူးသည့် ဘောလုံးပွဲ များအား စပွန်ဆာ ပေးထားသည့် Visa ဘဏ္ဍာရေး ကုမ္ပဏီ၊ Hyundai ကားကုမ္ပဏီ၊ Coca-cola အချိုရည် ကုမ္ပဏီ အပါအဝင် စပွန်ဆာ ကုမ္ပဏီများစွာက စပွန်ဆာများ ရုပ်သိမ်းရန် စီစဉ်နေကြသည်။

''ဖီဖာရဲ့ ဒီနေ့ အခြေအနေဟာ ဝမ်းနည်းစရာ ကောင်းလောက်အောင် ဆိုးရွား နေပါတယ်။ ကျွန်တော်တို့က ကမ္ဘာ့ဖလား ပြိုင်ပွဲတွေကို လူသားတွေ ပေါင်းစည်းခြင်း၊ ဘောလုံးအပေါ် တစ်ကမ္ဘာလုံး က သန့်ရှင်းစွာ ချစ်မြတ်နိုး ကြခြင်းကြောင့် စပွန်ဆာ ပေးခဲ့တာပါ။ ဖီဖာဘက်က အခုလို လာဘ်စားမှုတွေ ပြုလုပ်ခဲ့တယ် ဆိုတဲ့အတွက် ကျွန်တော်တို့ရဲ့ စပွန်ဆာ ပေးမှုကို ရုပ်သိမ်းဖို့ အခြေအနေ ဖြစ်လာပါပြီ'' ဟု Visa ကုမ္ပဏီက သတင်းထုတ်ပြန် ခဲ့သည်။

ယူအီးအက်ဖ်အေ အကြီးအကဲ များကလည်း သောကြာနေ့တွင် ကျင်းပမည့် ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲကို ခြောက်လ ရွှေ့ဆိုင်းပြီးမှ ကျင်းပ သင့်သည်ဟု အဆိုပြုမှုများ ရှိလာသည်။

ဆက်စပ်သတင်း =



ဒေါ်လာသန်း ၁၀၀ ကျော် လာဘ်စားခဲ့ခြင်း သံသယဖြင့် ဖီဖာအမှုဆောင် ၆ ဦးကို ဇူးရစ်တွင် FBI မှ ၀င်ရောက်ဖမ်းဆီး
.
ဇူးရစ် ၊ ၂၈-၅-၂၀၁၅
.
လာမည့် သောကြာနေ့တွင် ဖီဖာဥက္ကဋ္ဌ ရွေးကောက်ပွဲ ရှိ၍ ဆွစ်ဇာလန်နိုင်ငံ ၌ ဖာဖီကွန်ဂရက် ကျင်းပ ပြုလုပ်ရန် ရောက်ရှိနေ ကြချိန်၌ FBI မှ ဖီဖာအမှုဆောင် ခြောက်ဦးကို ၄င်းတို့ တည်းခိုရာ ဇူးရစ်မြို့ရှိ Baur au Lac ဟိုတယ်၌ ဗုဒ္ဓဟူးနေ့တွင် ဝင်ရောက် စီးနင်းဖမ်းဆီး ခဲ့သည်။
.
ဖမ်းဆီးခံရသည့် ခြောက်ဦးထဲတွင် ဖီဖာ ဒုတိယဥက္ကဋ္ဌ ဂျက်ဖရီဝက်ဘ် လည်း ပါဝင်ခဲ့ပြီး ၄င်းတို့သည် ဒေါ်လာ သန်းရာနှင့်ချီ၍ လာဘ်စားခဲ့သည့် သံသယဖြင့် ဖမ်းဆီးခံခဲ့ ရခြင်းဖြစ်သည်။ AP သတင်းဌာန၏ ဖော်ပြချက် အရ ဖီဖာဥက္ကဋ္ဌ ရာထူးကို ငါးကြိမ်မြောက် အဖြစ် ဝင်ရောက် ရွေးချယ်ခံမည့် လက်ရှိ ဖီဖာဥက္ကဋ္ဌ ဘလတ္တာသည် ဇူးရစ်မြို့ရှိ တခြားသော ဟိုတယ်တစ်ခု၌ အာဖရိက ဘောလုံး အဖွဲ့ချုပ် အစည်းအဝေး တစ်ရပ်သို့ တက်ရောက် နေခဲ့၍ ဖမ်းဆီးခံ ရသူများထဲတွင် မပါဝင်ခဲ့ဟု ဖီဖာ ပြောရေးဆိုခွင့် ရှိသူ ဝဲလ်တာဂရီဂိုရီ က အတည်ပြု ခဲ့သည်ဟု ဆိုသည်။
.
ဖမ်းဆီးခံရသည့် ခြောက်ဦးတွင် ဥရုဂွေး ဘောလုံး အမှုဆောင် အူဂီနီယိုဖီဂူရီဒို၊ ထိုင်းနိုင်ငံမှ ဖီဖာ အမှုဆောင် အဖွဲ့ဝင် ဝိုရာဝီမာကူဒီ၊ ကော်စတာရီကာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ အီဒူရာဒိုလီ တို့ ပါဝင်ခဲ့ကြောင်း နယူးယောက် တိုင်းမ်၊ ဘလွန်ဘာ့ဂ် နှင့် ဝေါလ်စထရိ ဂျာနယ် တို့မှ ရေးသား ဖော်ပြခဲ့သည်။ FBI သည် အဆိုပါ ဟိုတယ်သို့ ဒေသ စံတော်ချိန် နံနက် ၅ နာရီခွဲတွင် ရောက်ရှိ လာခဲ့ပြီး နံနက် ၆ နာရီ ၄၅ မိနစ်တွင် မာကူဒီ အပါအဝင် ဖီဖာ အမှုဆောင်များကို အဖြူရောင် ပိတ်ကားချပ်များ ကာကွယ်၍ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြသည်။
.
ဆွစ်ဇာလန် ဖက်ဒရယ် တရားရုံး FOJ မှ သတင်းတစ်ရပ် ထုတ်ပြန်ရာတွင် ဖီဖာ အကြီးအကဲ ခြောက်ဦးသည် သန်းပေါင်း များစွာသော လာဘ်စားမှုများ ပြုလုပ်ပြီး အဆိုပါ ငွေများကို အမေရိကန် ပြည်တွင်းဘဏ် များမှတစ်ဆင့် လွှဲပြောင်း ရယူရန် သဘောတူညီမှု ယူခဲ့ကြကြောင်း၊ ၄င်းတို့၏ မသမာမှုများကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ အရှေ့ပိုင်း ခရိုင် ရှေ့နေများရုံးမှ မသင်္ကာ၍ စုံစမ်းစစ်ဆေး ခဲ့ပြီး ၁၉၉ဝ ပြည့်လွန်နှစ် များမှ ယနေ့အထိ မသမာသော ငွေစာရင်း လွှဲပြောင်းမှု များကြောင့် သံသယဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
.
အမေရိကန်နိုင်ငံ နယူးယောက် အရှေ့ပိုင်းခရိုင် ရှေ့နေများရုံးမှ သတင်း ထုတ်ပြန်ရာတွင် အဆိုပါ ဖီဖာ အကြီးအကဲများသည် အားကစား မီဒီယာ တာဝန်ရှိသူများ၊ အားကစား ပရိုမိုးရှင်း လုပ်ငန်းစု များသည် စပွန်ဆာ မူပိုင်ခွင့်များ အတွက် ဒေါ်လာသန်း ၁ဝဝ ကျော်သော လာဘ်စားမှုများ ပြုလုပ်ခဲ့သည်ဟု သံသယရှိပြီး လက်တင် အမေရိကရှိ ဘောလုံးပွဲများ၌ အဆိုပါ မူပိုင်ခွင့်များ ပေးမည်ဆိုသော ကတိဖြင့် လာဘ်စား ခဲ့ကြသည်ဟု သတင်း ထုတ်ပြန်သည်။
.
ဖမ်းဆီးခံခဲ့ ရသော အမှုဆောင်များ အနက် ဖီဖာဒုတိယ ဥက္ကဋ္ဌ ဂျက်ဖရီဝက်ဘ် သည် မြောက် အမေရိကတိုက် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌလည်း ဖြစ်ပြီး ၄င်း၏ မွေးရပ် ကေမန် ကျွန်း နိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ လည်း ဖြစ်သည်။ ဝက်ဘ် သည် ၂ဝ၁၈ နှင့် ၂ဝ၂၂ ကမ္ဘာ့ဖလား အိမ်ရှင်လုပ်ခွင့် တွင် ရုရှားနှင့် ကာတာ တို့ မသမာသော စည်းရုံး လာဘ်ထိုးမှုများ ရှိခဲ့ခြင်းကို ဖီဖာမှ တာဝန်လွှဲအပ် သည့် ဂါစီယာ ရှာဖွေ ပြုစုခဲ့သော သတင်းအား လူသိရှင်ကြား ထုတ်ဖော် ပြသရန် တောင်းဆိုခဲ့ သူများထဲတွင် ပါဝင်ခဲ့သည်။
.
#Themyawadydaily

No comments:

Post a Comment