Pages

Friday, May 29, 2015

မြစိမ်းရောင် ဂဏန်းပုံစံသစ်ဖြင့် ကျပ်တစ်သောင်းတန် ငွေစက္ကူကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက်တွင် စတင် ထုတ်ဝေမည်


မြန်မာနိုင်ငံတော်ဗဟိုဘဏ်
နေပြည်တော်
ကြေညာချက်
( ၂၀၁၅ ခုနှစ် မေလ ၂၈ ရက် )



မြန်မာနိုင်ငံတော် ဗဟိုဘဏ် သည် ထုတ်ဝေ ထားရှိသည့် ငွေစက္ကူ များ၏ ခိုင်မာလုံခြုံမှု အတွက် လုံခြုံမှု အဆင့်အတန်းနှင့် အရည်အသွေး မြှင့်တင်ခြင်း များကို ပုံမှန် ဆောင်ရွက်လျက် ရှိပါသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် သည် ၂ဝ၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ထုတ်ဝေခဲ့သော ကျပ်တစ်သောင်းတန် ငွေစက္ကူ၏ တရားဝင် လှည့်လည် သုံးစွဲငွေအဖြစ် တည်ရှိနေမှုကို မထိခိုက် စေဘဲ ယင်းငွေစက္ကူ၏ လုံခြုံမှု အဆင့်အတန်း ပိုမိုမြင့်မား စေ၍ အရည်အသွေး ပိုမို ကောင်းမွန်စေရန်၊ အသုံးပြုနိုင်မှု သက်တမ်း ပိုမိုရှည်ကြာ စေရန်နှင့် အတုအပ ပြုလုပ်ခြင်းမှ ကာကွယ်ရန် အလို့ငှာ တောက်ပသော မြစိမ်းရောင် ဂဏန်းပုံစံ အသစ်၊ ရေစာအသစ် နှင့် ငွေစက္ကူ၏ မျက်နှာပြင် နှစ်ဖက်ကို ဗားနစ် (Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ်ထားသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူကို ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ စတင် ထုတ်ဝေမည် ဖြစ်ပါသည်။

မူလ ကျပ်တစ်သောင်းတန် ငွေစက္ကူ၏ မျက်နှာစာ ညာဘက်အောက် ထောင့်တွင် ရိုက်နှိပ်ထားသည့် ရိုးရိုးဂဏန်း ''၁ဝဝဝဝ'' အစား တောက်ပသည့် မြစိမ်းရောင် ''၁ဝဝဝဝ'' ဂဏန်းကို ပြောင်းလဲ ထည့်သွင်းထား ပါသည်။ ငွေစက္ကူကို အနေအထား ပြောင်းလဲကြည့်လျှင် ယင်းဂဏန်း ၏ တောက်ပမှု အလင်းရောင်သည် အထက်အောက် ရွေ့လျားနေသည့် အပြင် ဂဏန်း၏ အရောင်သည် မြစိမ်းရောင်မှ အပြာရင့်ရောင် သို့ ပြောင်းလဲ နိုင်ပါသည်။ ကျပ်တစ်သောင်းတန် ငွေစက္ကူ မျက်နှာစာ၏ လက်ဝဲဘက် အပိုင်းတွင် ပုံစံသစ်ဖြင့် ပြုလုပ်ထားသည့် ကြာဖြူပွင့်ပုံ ရေစာပါရှိပြီး ငွေစက္ကူကို အလင်းရောင်တွင် ကြည့်ပါက ရေစာကို တွေ့နိုင်ပါသည်။ ငွေစက္ကူကို ဖုံးအုပ် ကာကွယ်ထားသည့် ဗားနစ်(Varnish) အလွှာသည် ပြင်ပမှ ရေခိုးရေငွေ့များ၊ အရည်များနှင့် အရောင်စွန်းထင်း နိုင်သည့် အရာများကြောင့် ငွေစက္ကူ အရည်အသွေး နိမ့်ကျပျက်စီးခြင်း ကို ကာကွယ်စေ သဖြင့် ငွေစက္ကူ၏ အသုံးပြုနိုင်မှု သက်တမ်းကို ပိုမို ရှည်ကြာ စေပါသည်။ ၄င်းအပြင် ငွေစက္ကူ၏ ရှေ့မျက်နှာစာ ဘယ်၊ညာ အစွန်းများတွင် ဖောင်းကြွလိုင်းတို များကို ထည့်သွင်း ထားပါသည်။ မူလ ကျပ်တစ်သောင်းတန် ငွေစက္ကူတွင် အသုံးပြု ထားသည့် လုံခြုံရေးကြိုးကို ဆက်လက် အသုံးပြုထားပြီး၊ ငွေစက္ကူကို ကြည့်သည့် အနေအထားပေါ် မူတည်၍ လုံခြုံရေးကြိုး၏ အရောင်သည် ပန်းခရမ်းရောင် မှ အစိမ်းရောင်သို့ ပြောင်းလဲ နိုင်ပါသည်။

ယခုထုတ်ဝေမည့်ကျပ်တစ်သောင်းတန် ငွေစက္ကူမှာ တောက်ပသော မြစိမ်းရောင် ဂဏန်းပုံစံ အသစ်၊ ရေစာ အသစ်နှင့် ငွေစက္ကူမျက်နှာ ပြင်နှစ်ဖက်ကို ဗားနစ်(Varnish) အလွှာဖြင့် ဖုံးအုပ် ကာကွယ်ထားခြင်း တို့မှအပ ငွေစက္ကူ အရွယ်အစား၊ ပုံသဏ္ဌာန်နှင့် အရောင် သတ်မှတ် ချက် များသည် မူလ ကျပ်တစ်သောင်းတန် ငွေစက္ကူအတိုင်း ဖြစ်ပါသည်။

လက်ရှိ တရားဝင် လှည့်လည် သုံးစွဲလျက်ရှိသော ကျပ်တစ်သောင်းတန် ငွေစက္ကူများ သည်လည်း တရားဝင်ငွေ အဖြစ် ဆက်လက် တည်ရှိမည် ဖြစ်ပါသည်။

#Themyawadydaily

No comments:

Post a Comment