Pages

Tuesday, May 5, 2015

လူကုန်ကူးခံရသည့် မြန်မာအလုပ်သမား ၅၀၀ ကျော် အင်ဒိုနီးရှားနိုင်ငံ မှ ပြန်လည် ခေါ်ယူမည်


ရန်ကုန် ၊ ၅-၅-၂၀၁၅

လူကုန်ကူး ခံရသည့် အင်ဒိုနီးရှား နိုင်ငံရောက် မြန်မာ အလုပ်သမား ၅ဝဝ ကျော်ကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ပြန်လည် ခေါ်ယူနိုင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရန် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် အင်ဒိုနီးရှား နိုင်ငံသို့ သွားရောက် ခဲ့ပြီး အင်ဘွန်ကျွန်း၊ တူရယ်ကျွန်း၊ ဒိုဘိုကျွန်း နှင့် ဘန်ဂျီနာကျွန်း များသို့ သွားရောက်၍ မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်ခြင်းနှင့် အချက်အလက် များကို ကောက်ယူခဲ့သည်။

မေ ၂ ရက်က လူကုန်ကူး ခံရသည့် မြန်မာ နိုင်ငံသားများ အတွက် လျော်ကြေး၊ လစာစသည့် လုပ်ငန်းများကို ရွှေ့ပြောင်း သွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) နှင့် ညှိနှိုင်းခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်မှုကို အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး၏ လုပ်ပိုင်ခွင့်ဖြင့် ဘုတ်အဖွဲ့ ဖွဲ့ကာ စိစစ်ပြီး မည်သူမည်ဝါ ဖြစ်ကြောင်း အထောက်အထား (C of I) ထုတ်ပေးမည် ဖြစ်သည်။ 

မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်ပြီးပါက မြန်မာနိုင်ငံသား များကို အင်ဘွန်ကျွန်းတွင် လူစုမည် ဖြစ်ပြီး နိုင်ငံတော် အစီအစဉ်ဖြင့် လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင် လာမည် ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဘန်ဂျီနာကျွန်း သို့ ရောက်ရှိနေသော မြန်မာနိုင်ငံသား ၁၉၆ ဦး ကို တူရယ်ကျွန်းသို့ ပြောင်းရွှေ့ရန် အင်ဒိုနီးရှားနိုင်ငံ တာဝန်ရှိ သူများနှင့် မြန်မာ ကိုယ်စားလှယ် အဖွဲ့တို့ ညှိနှိုင်း ထားကြောင်း၊ ယင်းကျွန်းသို့ ရောက်ရှိနေသော မြန်မာ နိုင်ငံသားများ အနက် သုံးဦးသည် အိမ်ထောင်ကျ နေပြီဖြစ် သောကြောင့် မပြန်လိုကြောင်း သက်ဆိုင်ရာ အဖွဲ့သို့ ပြောကြားခဲ့သည်။ တူရယ်ဆိပ်ကမ်း တွင် လူကုန်ကူး ခံရသည့် မြန်မာ ရေလုပ်သား ၂၇၇ ဦး ရောက်ရှိနေပြီး တူရယ်ကျွန်းရှိ လူဝင်မှု ကြီးကြပ်ရေးရုံး ၌လည်း ထိုင်းငါးဖမ်း လှေမှ ထွက်ပြေး လာသည့် မြန်မာလုပ်သား ၂၃ ဦး ရောက်ရှိ နေကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment