Pages

Tuesday, May 5, 2015

ရွှေ့ပြောင်းလုပ်သားများ တရားမ၀င် လမ်းကြောင်းမှ သွားရောက် လုပ်ကိုင်မှုများပြားနေ


ရန်ကုန် ၊ ၅-၅-၂၀၁၅

တရားမဝင် လမ်းကြောင်းမှ ရွှေ့ပြောင်း လုပ်သားများ သွားရောက် လုပ်ကိုင်မှု များပြားနေပြီး ယင်းကဲ့သို့ သွားရောက် လုပ်ကိုင်မှုမှာ ၈၉ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ တရားမဝင် လမ်းကြောင်းမှ သွားရောက် လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သား များသည် လုပ်အားခ ခေါင်းပုံဖြတ် ခံရခြင်း၊ အဓမ္မ ခိုင်းစေခံရခြင်း၊ အလုပ်သမား အခွင့်အရေးများ မရရှိခြင်းတို့ ကြုံတွေ့ နေရကြောင်း ရွှေ့ပြောင်း လုပ်သားများ အတွက် ILO နှင့် MDRI တို့ ပြုလုပ်သည့် ရွှေ့ပြောင်း သွားလာခြင်း ဆိုင်ရာ အသိပညာများ၊ သဘောထား အမြင်များနှင့် လက်တွေ့ လုပ်ဆောင်နေမှုများ ဆိုင်ရာ စစ်တမ်း သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

''ပုံမှန် လမ်းကြောင်းက သွားရင် ကုန်ကျစရိတ် များနေတာ၊ လုပ်ဆောင်ချိန် ကြာမြင့် တာတွေကြောင့် တရားမဝင် လမ်းကြောင်း ကနေ သွားကြတာ များတယ်။ ဒါကြောင့် ခေါင်းပုံဖြတ် ခံရတာတွေ၊ အခွင့်အရေး ဆုံးရှုံးတာတွေ နဲ့ ကြုံတွေ့ ရတယ်'' ဟု ILO ၏ GSM TRIANGLE စီမံကိန်းမှ Ms. Jackie Pottock က ပြောသည်။

ယင်းကဲ့သို့ တရားမဝင် သွားရောက် လုပ်ကိုင်ရာတွင် ထိုင်းနိုင်ငံသို့ သွားရောက်မှုမှာ အများဆုံး ဖြစ်ပြီး ကုန်ကျစရိတ် သက်သာခြင်း၊ နယ်မြေချင်း နီးစပ်မှုရှိခြင်း တို့ကြောင့် ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံသို့ ၃၉ ရာခိုင်နှုန်း ရှိပြီး မလေးရှား နိုင်ငံသို့ ၂၆ ရာခိုင်နှုန်း၊ စင်ကာပူ နိုင်ငံသို့ ၁၉ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံသို့ ၁၁ ရာခိုင်နှုန်းနှင့် တောင်ကိုရီးယား နိုင်ငံသို့ ၁၈ ရာခိုင်နှုန်း တရားမဝင် သွားရောက် လုပ်ကိုင်မှုများ ရှိကြောင်း သိရသည်။

ILO အနေဖြင့် မန္တလေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီးတို့မှ ပြည်ပသို့ သွားရောက် လုပ်ကိုင် နေကြသည့် ရွှေ့ပြောင်းလုပ်သား အမျိုးသား၊ အမျိုးသမီး ၆ဝဝ ကျော်ကို စစ်တမ်းများ ကောက်ယူ ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ အပါအဝင် မဲခေါင်ဒေသ ခြောက်နိုင်ငံ၌ ရွှေ့ပြောင်း လုပ်သား အခွင့်အရေး ဆိုင်ရာ ကာကွယ်သည့် စီမံကိန်းကို လုပ်ဆောင် သွားရန် စီစဉ် နေကြောင်း သိရသည်။

လင်းယု

#Themyawadydaily

No comments:

Post a Comment