Pages

Tuesday, May 5, 2015

နိုင်ငံတကာ လေ့လာမှုပညာ ဘွဲ့လွန်ဒီပလိုမာ သင်တန်းများ သင်ကြားပို့ချမည်



ရန်ကုန် ၊ ၅-၅-၂ဝ၁၅

မြန်မာ - ကိုရီးယား နိုင်ငံတကာ လေ့လာရေး ဆိုင်ရာ ဗဟိုဌာန၌ နိုင်ငံတကာ လေ့လာမှုပညာ ( International Studies ) ဘွဲ့လွန် ဒီပလိုမာ သင်တန်းများ သင်ကြား ပို့ချမည် ဖြစ်ကြောင်း အဆိုပါ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာဌာနနှင့် တောင်ကိုရီးယား နိုင်ငံ ချောင်အန်း တက္ကသိုလ်တို့ ပူးပေါင်းကာ မြန်မာ - ကိုရီးယား နိုင်ငံတကာ လေ့လာရေး ဆိုင်ရာ ဗဟိုဌာနကို ကမာရွတ် မြို့နယ်ရှိ ရန်ကုန်တက္ကသိုလ် ၌ ဧပြီ ဒုတိယပတ်က ဖွင့်လှစ် ခဲ့ပြီးဖြစ်သည်။ အဆိုပါ ဒီပလိုမာ သင်တန်းများကို ရန်ကုန် တက္ကသိုလ်ရှိ ဆရာ၊ ဆရာမ များနှင့် ပြင်ပမှ ဘွဲ့ရရှိထားပြီး စိတ်ပါဝင်စား သူများ တက်ရောက်နိုင်ကာ သင်တန်း ဝင်ခွင့် စာမေးပွဲများကို ကြေညာမည် ဖြစ်ရာ မြန်မာ - ကိုရီးယား နိုင်ငံတကာ လေ့လာရေး ဆိုင်ရာ ဗဟိုဌာန၌ လာရောက် လျှောက်ထား နိုင်ကြောင်း သိရသည်။

''တောင်ကိုရီးယား က ချောင်အန်း တက္ကသိုလ် နဲ့ ၂ဝ၁၃ ခုနှစ် ကတည်းက တွဲလုပ်လာတာ အခုဆိုရင် သုံးနှစ်ရှိပြီ။ အခု ဗဟိုဌာနအဖြစ် ဖွင့်ပြီးတော့ သင်တန်းတွေ ကို ဆက်လုပ်သွား မှာပါ။ ဗဟိုဌာန အနေနဲ့ International Studies အနေနဲ့ သက်ဆိုင်တဲ့ ဘာသာရပ် တွေမှာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ ပေးနေပါတယ်'' ဟု ရန်ကုန် တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ကျော်နိုင် က ပြောသည်။

ချောင်အန်း တက္ကသိုလ် သည် အမေရိကန်နိုင်ငံ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်နှင့် ပူးပေါင်းကာ ၂ဝ၁၃ ခုနှစ်က ရန်ကုန် တက္ကသိုလ်၌ ICOE သင်တန်းများ စတင်ပို့ချ ခဲ့ပြီးနောက် ၂ဝ၁၄ ခုနှစ်တွင် ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်မှ ခွဲထွက်၍ ရန်ကုန် တက္ကသိုလ်နှင့် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ပြီး Diploma in International Studies သင်တန်းများကို ဆက်လက်ဖွင့်လှစ် သင်ကြား ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန် တက္ကသိုလ်နှင့် ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာကို အမေရိကန်၊ ဂျာမနီ၊ သြစတြေးလျ၊ စင်ကာပူ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း နှင့် တရုတ်နိုင်ငံ တို့ရှိ နာမည်ကြီး တက္ကသိုလ် စုစုပေါင်း ၂၅ ခုဖြင့် လက်မှတ် ရေးထိုးခဲ့ကာ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တက္ကသိုလ် စီမံရေးရာ ဌာနမှ သိရသည်။ (၄၄၃)

#Themyawadydaily

No comments:

Post a Comment