Pages

Wednesday, May 20, 2015

မိုးဦးကျကာလ အရာတော် သနပ်ခါးတောင်သူတို့ ချေးငွေမျှော်



အရာတော် ၊ ၂၀-၅-၂၀၁၅

အရာတော် မြို့နယ် သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်းဝင် သနပ်ခါးစိုက် တောင်သူများ အနေဖြင့် ယခုကဲ့သို့ မိုးဦးကျ ကာလ ရာသီတွင် သနပ်ခါး စိုက်ပျိုး ပြုစုရန်အတွက် ငွေအရင်းအနှီး လိုအပ်နေပြီ ဖြစ်ရာ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ သော်လည်းကောင်း၊ အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ် တို့မှ သော်လည်းကောင်း၊ စိုက်ပျိုးရေးသုံး ဓာတ်မြေသြဇာ ကုမ္ပဏီများ အနေဖြင့် သော်လည်းကောင်း အတိုးနှုန်း သက်သာစွာဖြင့် ငွေထုတ်ချေး ပေးမည်ဆိုလျှင် သနပ်ခါးစိုက် တောင်သူများ အနေဖြင့် ပုံစံ(၇) လက်ဝယ်ရှိ သောကြောင့် အရာတော် မြို့နယ် သနပ်ခါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သူများအသင်း အနေဖြင့် တာဝန်ယူ အာမခံပေး သွားမည် ဖြစ်ကြောင်း အသင်း ဥက္ကဋ္ဌ ဦးကျော်မိုး ထံမှ သိရသည်။

''အခုလို မိုးဦးကျ ကာလမှာ ဆိုရင် သနပ်ခါးစိုက် တောင်သူတွေ အနေနဲ့ အပင်စိုက်ဖို့၊ မြေပြင်ဖို့နဲ့ မြေသြဇာဖိုး တွေက ကိုယ့်ခြံ အကျယ်အဝန်း အလိုက် လိုနေတာတော့ အမှန်ပါ။ သနပ်ခါး စိုက်ဖို့နဲ့ ပြုစုဖို့အတွက် လိုနေတဲ့ ငွေကို အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ် နဲ့ ဓာတ်မြေသြဇာ ကုမ္ပဏီတွေ အပြင် တိုင်းဒေသကြီး အစိုးရကနေ အတိုးနှုန်း သက်သက် သာသာနဲ့ ထုတ်ချေးပေးရင် တောင်သူတွေကို အသင်းအနေနဲ့ တာဝန်ယူ အာမခံပေးဖို့ ရှိပါတယ်။ အသင်း ဖွဲ့စည်းပြီး ကတည်းက တောင်သူတွေ အတွက် တစ်ခါမှ ချေးငွေရတာမျိုး မရှိသေးပါဘူး။ တိုင်းဒေသကြီး အစိုးရက လုပ်တဲ့ ဇေယျာ ပဒေသာ ဖောင်ဒေးရှင်း အနေနဲ့ အသင်း စဖွဲ့စည်းတုန်းက ငွေချေးပေးမယ် လို့ ပြောခဲ့တာ ရှိပေမယ့် အခုထိတော့ ဘာမှ လုပ်တာ၊ ရရှိတာ မရှိသေးပါဘူး။ သနပ်ခါး ဆိုတာ ဈေးကွက်က အခိုင်အမာ ရှိပြီးသား ဖြစ်တဲ့အတွက် ချေးငွေရရင် ဒီထက် တိုးတက်အောင် ဆောင်ရွက် နိုင်ကြမှာ ဖြစ်သလို သနပ်ခါးဆိုတာ ပျက်စီးစေတဲ့ အရာ မဟုတ်တဲ့အပြင် သေချာပေါက် အပင်ဖြစ်ထွန်းပြီး ဈေးကွက်ကလဲ သေချာတော့ ဝင်ငွေ သေချာတဲ့ အတွက် ချေးငွေ ပြန်မပေး နိုင်မှာတွေ၊ အတိုးမပေး နိုင်မှာတွေ မပူရတဲ့ အတွက် ချေးငွေ ထုတ်ပေးတဲ့ ဘက်ရော၊ ချေးငွေရတဲ့ တောင်သူတွေပါ အကျိုးရှိတဲ့ အလုပ်ပါ '' ဟု ၄င်းက ဆက်လက် ပြောပြသည်။

အရာတော်မြို့နယ် အတွင်းရှိ နယ်မြေ စုစုပေါင်း၏ လေးပုံသုံးပုံ ခန့်မှာ ကျောက်ကုန်း မြေကျစ်များ ဖြစ်၍ အများစုမှာ သနပ်ခါးစိုက် တောင်သူများ ဖြစ်သောကြောင့် အရာတော် မြို့နယ်အတွင်း သနပ်ခါး စိုက်ဧကပေါင်း ငါးသောင်း ကျော်မှ နေ့စဉ် ဈေးကွက်သို့ တင်ပို့ရောင်းချ နေရကြောင်း သိရသည်။

အရာတော် သနပ်ခါးများ ဈေးကွက်သို့ တင်ပို့ရာတွင် သနပ်ခါး အတုံးလိုက် ထက် သနပ်ခါး အပင်လိုက်ကို အရွယ်အစား နှင့် ပင်သက် အနု၊ အရင့်ပေါ် မူတည်၍ ဈေးနှုန်းကို သတ်မှတ်ကာ အဝေးသို့ တစ်ခါ တင်ပို့လျှင် သနပ်ခါး အပင် ၁ဝဝဝ ကျော် ပုံမှန် နေ့စဉ်တင်ပို့ ပေးနေရကြောင်း ဥက္ကဋ္ဌ ဦးကျော်မိုး ၏ အတည်ပြုချက် အရ သိရသည်။ (၃၃၄)

#Yadanarpondaily

No comments:

Post a Comment