Pages

Monday, May 25, 2015

အင်းလေးကန်ဒေသအား ယူနက်စကို၏ အစီအစဉ်ဖြင့် လူသားနှင့် ဇီဝအဝန်းနယ်မြေ အဖြစ် သတ်မှတ်ရန် အဆိုပြုထား



ညောင်ရွှေ ၊ ၂၅-၅-၂ဝ၁၅

မြန်မာနိုင်ငံ၌ ထူးခြားသော အမျိုးသား ယဉ်ကျေးမှု၊ ဇီဝ မျိုးစုံမျိုးကွဲ များနှင့် ဂေဟစနစ်များ ပေါင်းစပ် တည်ရှိနေသည့် အင်းလေးကန် ဒေသအား ယူနက်စကို အစီအစဉ် ဖြင့် လူသားနှင့် ဇီဝအဝန်း နယ်မြေအဖြစ် သတ်မှတ်ရန် မြန်မာနိုင်ငံမှ အဆိုပြု ထားပြီး ယခုနှစ် ဇွန်လတွင် ဆုံးဖြတ် သွားနိုင်မည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာနမှ သိရသည်။

၂ဝ၁၅ ခုနှစ် ဇွန် ၈ ရက်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပမည့် လူသားနှင့် ဇီဝအဝန်း နယ်မြေဆိုင်ရာ အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု ကော်မတီ၏ (၂၇) ကြိမ်မြောက် အစည်းအဝေး တွင် ဆုံးဖြတ်နိုင်ရန် အဆိုပြု တင်ပြထားပြီး ဖြစ်ကြောင်း၊ အစည်းအဝေး ဆုံးဖြတ်ချက် အရ လူသားနှင့် ဇီဝအဝန်း နယ်မြေအဖြစ် သတ်မှတ် ခဲ့လျှင် အင်းလေးကန် ဒေသရှိ ဇီဝမျိုးကွဲ ထိန်းသိမ်းရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရန် အထောက်အပံ့ များနှင့် နည်းပညာများ ရရှိမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာ ညီညီကျော် က ပြောသည်။

''ဇီဝအဝန်း နယ်မြေအဖြစ် သတ်မှတ် လိုက်မယ်ဆိုရင် ဇုန်တွေ သတ်မှတ် သွားမယ်၊။ ဒီနေရာကို လုံးဝ ထိန်းသိမ်း စောင့်ရှောက် ရမယ့်နေရာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရေထဲမှာ ရှိတဲ့ ငါးက ဒီနေရာမှာပဲ ပေါက်ပွား ကြတဲ့အတွက် ငါးမဖမ်းရ နေရာ သတ်မှတ်မယ်။ ချောင်းက ကျလာတဲ့ နုန်းတွေ စိုက်ပျိုးရေး နယ်မြေ သုံးခွင့် မပေးဘဲ တခြားနေရာ သုံးခွင့်ပေးမယ်။ အဲဒီအတွက် ဇုန်တွေ သတ်မှတ်ပြီး လုပ်မှာ ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

လူသားနှင့် ဇီဝအဝန်း နယ်မြေ အစီအစဉ် သည် ယူနက်စကို၏ အစီအစဉ် ဖြစ်ပြီး ရည်ရွယ်ချက်မှာ ပညာရပ် မျိုးစုံပေါင်းစပ် ၍ လူနှင့် ပတ်ဝန်းကျင် ဆက်နွှယ်မှု များကို သုတေသန ပြုရန်နှင့် ဇီဝမျိုးစုံ မျိုးကွဲနှင့် ယဉ်ကျေးမှု မျိုးစုံအား ထိန်းသိမ်းရန်၊ ရေရှည်တည် တံ့သော ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် နယ်နိမိတ် ပိုင်းခြား သတ်မှတ်ခြင်း တို့ဖြစ်ကြောင်း ယူနက်စကို ၏ လူသားနှင့် ဇီဝအဝန်း နယ်မြေနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံသည် လူသားနှင့် ဇီဝအဝန်း ဆိုင်ရာ ကွန်ဗင်းရှင်း တွင် ပါဝင် လက်မှတ် ရေးထိုး ထားသော နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၁၉ နိုင်ငံ၌ သတ်မှတ်ပြီးသည့် လူသားနှင့် ဇီဝအဝန်း နယ်မြေ ၆၃၁ ခုရှိကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment