Pages

Monday, May 25, 2015

လူနာတင်ယာဉ် အသွင်ဆောင်ကာ မသမာသော လုပ်ငန်းများ ပြုလုပ်လာခြင်းကြောင့် လူနာတင်ယာဉ် များကိုပါ စစ်ဆေး အရေးယူနေရ


ရန်ကုန် ၊ ၂၅-၅-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီး အတွင်း တချို့သော စီးပွားရေး သမားများသည် လူနာတင်ယာဉ် အသွင်ဆောင်ကာ မသမာသော လုပ်ငန်းများ လုပ်ကိုင်မှု ရှိလာခြင်းကြောင့် လူနာတင်ယာဉ် များကိုပါ စစ်ဆေး နေရပြီး အရေးယူခြင်းများ ပြုလုပ်လျက် ရှိကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

ထိုသို့ စစ်ဆေးခြင်းများ ပြုလုပ်ရာတွင် အရေးပေါ် မီးအချက်ပြ မောင်းနှင် လာသော လူနာတင်ယာဉ် များကို တားဆီး စစ်ဆေးရန် အခက်အခဲများ ရှိပြီး လမ်းကြောင်း ရှင်းလင်းရေး ကိုပါ တစ်ပါတည်း ဆောင်ရွက် ပေးလျက် ရှိသည်။ တချို့သော စီးပွားရေး လုပ်ငန်းရှင် များသည် အရေးပေါ် လူနာတင်ယာဉ် ဖြင့် တရားမဝင် ပစ္စည်းများ သယ်ဆောင်မှု၊ Dead Body သယ်ဆောင် ခြင်းများ ပြုလုပ်နေမှု များကိုပါ စစ်ဆေးတွေ့ရှိ ခဲ့သဖြင့် အရေးယူမှုများ ပြုလုပ် ထားကြောင်း၊ ထို့ကြောင့် လူနာတင်ယာဉ် များကိုပါ စစ်ဆေး အရေးယူ နေရကြောင်း သိရသည်။

ထို့အပြင် တချို့သော လိုင်စင်မဲ့ မော်တော်ယာဉ် များကို ဖမ်းဆီးမှု မရှိစေရန် လူနာတင်ယာဉ် အဖြစ် ပြောင်းလဲမှု များနှင့် ယာဉ်မောင်း တွင်လည်း သတ်မှတ် လိုင်စင် မရှိသည်ကို စစ်ဆေးတွေ့ရှိ နေရကြောင်း၊ အလားတူ အရေးပေါ် လူနာတင်ယာဉ် များတွင် ကြက်ခြေနီ အမှတ်တံဆိပ် များကို အလွဲသုံးစား ပြုလုပ်သူများ ရှိသဖြင့် စစ်ဆေး အရေးယူခြင်း များကို ပြုလုပ် နေရကြောင်း၊ ယင်းတို့ကို လည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန် မှုနှင့် အတူ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဒေသ အုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်းကာ စစ်ဆေး အသိပညာ ပေးခြင်းနှင့် အရေးယူခြင်း အပိုင်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လူနာတင်ယာဉ် များတွင် ကြက်ခြေနီ အမှတ်တံဆိပ်များ တပ်ဆင် အသုံးပြု ထားပါက ကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှ အသိပညာ ပေးမှုများ ပြုလုပ်ပြီး ယာဉ်နှင့် ပတ်သက်သော စည်းကမ်း နှင့် မညီညွတ်မှု များကို တွေ့ရှိပါက ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ အရေးယူမည့် အပြင် တရားမဝင် ပစ္စည်းများ သယ်ဆောင် လာပါက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဥပဒေ အတိုင်း အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ကြက်ခြေနီ အမှတ်တံဆိပ် များအား ပုဂ္ဂလိက လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ ပေးရေး အမှတ်အသား အဖြစ် အသုံးပြုရန် ဖြစ်သော်လည်း ကိုယ်ပိုင် ဆေးခန်း၊ ဆေးဆိုင် များနှင့် လူနာတင် ယာဉ်များတွင် ရောထွေးစွာ အသုံးပြု နေခြင်းများ ရှိလာခြင်းကြောင့် သက်ဆိုင်ရာ မှ စစ်ဆေး နေခြင်း ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily

No comments:

Post a Comment