Pages

Wednesday, May 6, 2015

အနာဂတ် ဈေးကွက်စီးပွားရေး


အနာဂတ် ဈေးကွက်စီးပွားရေး

မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံ ကြသော ကုမ္ပဏီများ၊ တစ်ကမ္ဘာလုံး နှင့် ချိတ်ဆက် လုပ်ကိုင်လျက် ရှိသော ကုမ္ပဏီများ အနေဖြင့် ၂ဝ၁၅ ခုနှစ်သည် သာလွန် ကောင်းမွန်သော အချိန် အခါကောင်း ဖြစ်လိမ့်မည်ဟု ယူဆကြသည်။

၂ဝ၁ဝ ပြည့်နှစ်တွင် မော်တော်ကား ဈေးကွက်အပြို အိမ်၊ ခြံမြေ ဈေးကွက်လှုပ် ရာမှ မဟာဗျူဟာ စီမံကိန်း၊ ဆိပ်ကမ်း၊ ဟိုတယ်ဇုန် စသည့် နေရာများတွင် ကြိုတင် လက်ဦးမှု ရယူကာ မြေနေရာ များကို ယခင်ကထက် ဝယ်ယူ လာကြသည်။ သို့သော် အချို့သော စီမံကိန်း များသည် ဈေးကွက်၊ သဘာဝ ဘေးအန္တရာယ် စသည့် အချက်များကို ထည့်သွင်း စဉ်းစားခြင်း မပြုသောကြောင့် မျှော်မှန်း သကဲ့သို့ ပီပြင်သည့် ဈေးကွက် တည်ဆောက် နိုင်ခြင်း မရှိကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ဖော်ဆောင်ကြမည့် မဟာဗျူဟာ စီမံကိန်း များကို နိုင်ငံတွင်း အမှန်တကယ် လိုအပ်လျက် ရှိသော ကဏ္ဍများတွင် ဖြေရှင်းရန် အတွက်သာ ရေးဆွဲကြခြင်း ဖြစ်သည်။ ဤ စီမံကိန်း များတွင် လှေနံဓားထစ်ကြ သူများက စီမံကိန်းများ၏ အလားအလာ ဖြစ်နိုင်ခြေ ရှိ၊ မရှိကို ယထာဘူတ ကျကျ စဉ်းစား ချင့်ချိန်ခြင်း မရှိဘဲ မြေကို ပေါက်ဈေးထက် ပိုပေးကာ အမြတ် ရရှိရေး ကြိုတင် ပြင်ဆင်သည့် အနေဖြင့် ဝယ်ယူ ခဲ့ကြခြင်း ဖြစ်သည်။

အချို့သော စီးပွားရေး လုပ်ငန်းရှင် များသည် နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှု၏ ရေစီးကြောင်းတွင် ရရှိသည့် သတင်းဦး၊ လျှို့ဝှက်သတင်း အချက်အလက် များကို ချဲ့ကား၍ စီမံကိန်း ဖော်ဆောင်ရန် အလားအလာ နည်းပါးသည့် နေရာများကို စီမံကိန်း ဖြစ်လာနိုင်ခြေ အကောင်းဆုံး ဖြစ်လာ နိုင်သည်ဟု မက်လုံးပေးကာ ကာလ ပေါက်ဈေးထက် အဆမတန် ဈေးကစားမှုမျိုး လုပ်လာ ကြသည်။

ဆိုလိုသည်မှာ သတင်း အချက်အလက် မည်မျှပင် ခိုင်မာ အားကောင်း စေကာမူ အကျိုးအမြတ် မျှော်မှန်းသော စီးပွားရေး လုပ်ငန်းရှင်များ အတွက် မဟာဗျူဟာ ကျကျ ဖော်ဆောင်မည့် စီမံကိန်း၊ ဟိုတယ်ဇုန်၊ ကျောက်စိမ်း ကျောက်မျက် အရောင်းစခန်း များသည် တကယ့် လက်တွေ့တွင် ဖော်ဆောင် နိုင်ခြင်း ရှိ၊ မရှိ စဉ်းစား သုံးသပ်ရမည် ဖြစ်သည်။

ဤကဲ့သို့ ဈေးကွက်၏ သဘော သဘာဝကို လေးလေး နက်နက် စဉ်းစားရာတွင် အထက်တွင် ဖော်ပြခဲ့သည့် စီမံကိန်းများကို ဖော်ဆောင် ကြမည့် Business Developer များ၏ နောက်ကြောင်း ရာဇဝင်၊ သက်ဆိုင်ရာ ကုမ္ပဏီများ အပေါ် ၄င်းတို့၏ ခေါင်းဆောင်မှု၊ အုပ်ချုပ်မှု၊ ငွေကြေး တောင့်တင်း ခိုင်မာမှုနှင့် တာဝန်ယူ နိုင်မှု စသည့် အချက်များကို ထည့်သွင်း စဉ်းစားကာ မိမိ အနာဂတ် အတွက် စဉ်းစားရမည် ဖြစ်ပေသည်။

သို့ဖြစ်ရာ ဈေးကွက် စီးပွားရေး ဖော်ဆောင် ကြမည့်သူများ၊ နိုင်ငံ၏ ဈေးကွက် စီးပွားရေး အင်ဂျင်ကို မောင်းနှင်ကြ သူများနှင့် နိုင်ငံတကာ ဈေးကွက်ကို ရင်ပေါင်တန်း လာအောင် ကြိုးပမ်း ကြမည့် သူများသည် အမျိုးသား အကျိုးစီးပွား စံနှုန်းဖြင့်သာ နိုင်ငံသူ၊ နိုင်ငံသားများ အတွက် ဖော်ဆောင်ကြ ရမည်ဖြစ်ပြီး မဝေးတော့သည့် အနာဂတ် ဈေးကွက် စီးပွားရေး ပီပြင် လာအောင် ဖော်ဆောင် ကြရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment