Pages

Thursday, May 21, 2015

ယခုဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့ရှိ လမ်းများကို ပြန်လည်ခင်းကျင်းရာတွင် ကတ္တရာလမ်းများထက် ကွန်ကရစ်လမ်းများကို ဦးစားပေး ခင်းသွားမည်



ရန်ကုန် ၊ ၂၁-၅-၂၀၁၅

ယခု ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့ရှိ လမ်းများကို ပြန်လည် ခင်းကျင်းရာတွင် ကတ္တရာ လမ်းများထက် ကွန်ကရစ် လမ်းများကို ဦးစားပေး ခင်းကျင်းမည် ဖြစ်ပြီး ကွန်ကရစ် လမ်းများမှာ ကတ္တရာ လမ်းထက် မိုးဒဏ် ရေဒဏ်ကို ပိုမို ခံနိုင်ရည် ရှိခြင်းကြောင့် ဦးစားပေး ခင်းရခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (လမ်း၊ တံတားဌာန)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း လမ်းများကို ကွန်ကရစ် လမ်းများအဖြစ် ဦးစားပေး ခင်းမည် ဆိုသော်လည်း အဓိက လမ်းကြီးများ ဖြစ်သော အနော်ရထာလမ်း၊ ဗိုလ်ချုပ်လမ်း၊ မဟာ ဗန္ဓုလလမ်း၊ ပြည်လမ်းနှင့် ကမ္ဘာအေး စေတီလမ်းတို့ကို မူလအတိုင်း ကတ္တရာ လမ်းများ အဖြစ်သာ ပြန်လည် ပြုပြင် ခင်းကျင်းမည် ဖြစ်ကြောင်း သိရသည်။

ယခု ဘဏ္ဍာနှစ်တွင် ပြန်လည် ခင်းမည့် လမ်းများ၌ ပြည်လမ်းနှင့် ကမ္ဘာအေး စေတီလမ်း အပါအဝင် အဓိက လမ်းမကြီးများ ပါဝင်ပြီး မိုးရွာသွန်းသည့် အချိန်မှ လွဲ၍ ကျန်အချိန် များတွင် လမ်းခင်းခြင်း လုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်ကာ ညပိုင်း အချိန်များ တွင်ပါ လုပ်ဆောင်ရန် စီစဉ် ထားကြောင်း သိရသည်။

ယခု ဘဏ္ဍာနှစ်တွင် ရန်ကုန်မြို့၏ လမ်းခင်းခြင်း လုပ်ငန်းများ အတွက် ငွေကျပ် ၁ဝဝ ဘီလီယံ ကျော် သုံးစွဲမည်ဖြစ်ပြီး လမ်းခင်းခြင်း လုပ်ငန်းများ သာမက လမ်းသား တွန့်ခြင်း ဖြစ်ပေါ်နေသော တချို့ ကတ္တရာ လမ်းမကြီးများ ကိုလည်း ပြန်လည် ပြုပြင် သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (လမ်း၊ တံတားဌာန) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ သည် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် တွင် ရန်ကုန်မြို့၌ လမ်းပြုပြင်ခြင်း လုပ်ငန်းများ အတွက် ငွေကျပ် ၅ဝ ဘီလီယံ နီးပါး အသုံးပြု ခဲ့ကြောင်း ထုတ်ပြန် ထားသည့် စာရင်းများ အရ သိရသည်။

မင်းမင်း

#Themyawadydaily

No comments:

Post a Comment