Pages

Monday, May 11, 2015

ကိုယ်မရှိလျှင် မဖြစ်


ကိုယ်မရှိလျှင် မဖြစ်

မဒါလေး

လေးလံသော ခြေလှမ်းများဖြင့် ကျောင်းဝင်း ထဲသို့ လှမ်းဝင်လာ မိသည်။ အစစ အရာရာ တိုးတက်ပြောင်းလဲမှု အတွက် ကောင်းမွန်သော ခေတ်အခါတွင် လူတစ်ယောက် ဘဝ ရပ်တည်ရခြင်းက အဘယ်ကြောင့် ခက်ခဲ နေပါသနည်း။

မေးခွန်းများ အဖုံဖုံ ထုတ်လျက် အဖြေကား ရေရေရာရာ ထွက်မလာ ခဲ့ပါ။ မန္တလေး တောင်ခြေ တစ်ဝိုက်သည် သာသနာတော် ပြန့်ပွား စည်ပင်ရာ နေရာတစ်ခု ဖြစ်သကဲ့သို့ မန္တလေးတောင်၊ ကုသိုလ်တော်၊ စန္ဒာမုနိ နှင့် ကျောက်တော်ကြီး ဘုရား ကဲ့သို့သော သမိုင်းဝင် ဘုရားများ တည်ရှိရာ နေရာ တစ်ခုလည်း ဖြစ်သည်။ ယနေ့အချိန် တွင်တော့ မြို့တည် နန်းတည် သတ္တဌာန ကိုလည်း ပြန်လည် အသက်သွင်း ထားသဖြင့် ပို၍ပင် စည်ကား နေတော့သည်။ ဘုန်းကြီးကျောင်း များနှင့် သီလရှင် ကျောင်းများစွာ တည်ရှိသော နေရာလည်း ဖြစ်သည်။ ယခုကျွန်မ ရောက်ရှိနေသော ကျောင်းသည် ''ဓီနန္ဒာ'' ဟူသော သီလရှင် စာသင်တိုက် ဖြစ်သည်။

အကြောင်းကတော့ ကျွန်မ စာသင်ခဲ့သည့် ရွာတစ်ရွာမှ ကလေးမလေး တစ်ဦးကို သီလရှင် ဝတ်ပေးရန် ဖြစ်သည်။ ကလေးမလေး သည် အသက်အားဖြင့် ဆယ်ကျော်သက် အရွယ်သာ ရှိသေးသည်။ ကလေးဟု အမည်တပ် ရမည့် အရွယ်ဖြစ်သည်။ သို့သော် ထိုကလေး ဆိုသူသည် အိမ်တွင်ရှိသော အမေနှင့် အဖေကို လုပ်ကျွေးကာ မိမိဝမ်းကို မိမိနိုင်ရာ ကျောင်းရင်း ကျောင်းတက် ရရှာသူ ဖြစ်သည်။ အရွယ်နှင့် မမျှသည့် လောကဓံ များကို ပြေလျော့စေရန် ထိုကျောင်းမှ ဆရာကြီး၏ လမ်းညွှန်မှု ဖြင့် လောကီနှင့် လောကုတ္တရာ စာပေ နှစ်ရပ်လုံး သင်ကြားနိုင်ရန် ရွာမှခေါ်ကာ သီလရှင် ဝတ်ပေးခြင်း ဖြစ်သည်။ ကလေးမလေး သည်လည်း ပညာ လိုလားသူ ဖြစ်သဖြင့် လိုလို ချင်ချင်ပင် လိုက်လာ ခဲ့သည်။ ကျွန်မမှာ တော့ ထို ကလေးမလေး မရှိလျှင် သူ့မိဘများ အဆင်ပြေ ပါ့မလားဟု တွေးကာ ရတက်မအေးနိုင် ဖြစ်နေရသည်။ ကလေးမလေး ၏ စိတ်ထဲတွင်လည်း သူမရှိလျှင် သူ့မိဘများ အဆင်မှ ပြေပါ့မလားဟု တွေးနေ လေမလား စဉ်းစားကာ ကရုဏာ သက်စွာ ကြည့်မိသည်။ တစ်ချိန်က ကျွန်မလည်း ထိုသို့ ဖြစ်ဖူးသည် ပဲလေ။ ကျွန်မ မရှိလျှင် မဖြစ်ဟူသော ကိုယ်တိုင် သတ်မှတ်ချက် ဖြင့် လုပ်ငန်းတစ်ခုကို လုပ်ကိုင် ခဲ့ဖူးသည်။

ဒီလုပ်ငန်း တစ်ခုအတွက် အခြားသူများ မရှိလျှင် ရသည်။ ကျွန်မ မရှိလျှင် မဖြစ်ဟု ထင်ကာ အားတက်သရော လုပ်သည်။ လုပ်ငန်းကို နေ့ရော ညပါ မနားမနေ ကြိုးစားသည်။ လာသမျှ ဧည့်သည်များ ကိုလည်း လစ်ဟင်းမှု မရှိစေရန် စီစဉ် ဆောင်ရွက် ပေးသည်။ ဆက်ဆံရေး ကအစ ကိုယ်နှင့် တွေ့လျှင် စိတ်ချမ်းသာ စေရမည် ဟုသာ ဆုံးဖြတ် ထားသည်။

ထိုသို့ ဆုံးဖြတ် ထားသည့် ကျွန်မ ဆုံးဖြတ်ချက်များ မှားမှန်း မကြာမီကပင် ကျွန်မ ကိုယ်တိုင် သိရှိခဲ့ ရသည်။ ထိုသို့ ပြုလုပ်သည့် အတွက် ကျွန်မ အောက်မှ ဝန်ထမ်းများသည် ကျွန်မကိုသာ အားကိုး လာကြသည်။ သန့်ရှင်းရေး ကအစ ဧည့်သည်နှင့် ဆက်ဆံတာ အဆုံး အရာရာ ကျွန်မပါမှ အဆင်ပြေသည် ဟု ထင်လာ ကြသည့်အတွက် သူတို့ ကိုယ်တိုင် အားစိုက်ထုတ်မှု နည်းသည်ထက် နည်းလာ ကြသည်။ လူဟူသည်မှာ တစ်သမတ်တည်း အမြဲကောင်း နေနိုင်သည်၊ လုပ်နေနိုင်သည် မဟုတ်ပေ။ ကျန်းမာရေး ဆိုသည့် ဘက်ကလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်သည်။ ထိုသို့ အရာရာ ဦးဆောင် ရှေ့ရွက် လုပ်ခဲ့သည် များက ကိုယ်တိုင် နာမကျန်း ဖြစ်ချိန်တွင် အတော် သိသာ လာသည်။ ကိုယ်မရှိသည့် အချိန်တွင် လူတိုင်း ယောင်ချာချာ ဖြစ်နေကြသည်။ လွယ်လွယ် လုပ်ရမည့် အလုပ်ကိုပင် ရှေ့မဆက်နိုင် ဖြစ်နေသည်။ သူတို့ ကိုယ်တိုင် တာဝန်ယူ ရမည့် လုပ်ငန်းများကို လုပ်ရန် ဝန်လေး နေကြသည်။ ထိုအချိန်က နေပြန် ကောင်းသော်လည်း စိတ်မကောင်း အတော်ဖြစ်ခဲ့ ရသည်။ ကျွန်မ၏ ငါမရှိလျှင် မဖြစ်ဟူသော အတ္တကို လွှတ်ချရန် အချိန်တန်ပြီ ဟု ဆုံးဖြတ် လိုက်သည်။ ကျန်းမာရေး ကို  အကြောင်းပြကာ ခွင့်တစ်လ ယူလိုက်သည်။ အလုပ် ပြန်ဆင်းသော နေ့တွင် လူအားလုံးသည် သူ့နေရာနှင့်သူ အံဝင်ခွင်ကျ ဖြစ်နေကြသည်ကို ဝမ်းသာစရာ တွေ့မြင်ရသည်။ ထိုနေ့မှစပြီး ကျွန်မ အတွက်လည်း အချိန်ပိုတွေ ထွက်လာသည်။ အရာရာတိုင်းကို လိုက်လုပ်ရန် မလိုသဖြင့် ဖြေရှင်း နေရန်လည်း မလိုပေ။ သို့အတွက် ကိုယ်ပိုင်အချိန် များတွင် ကိုယ့်အတွက် အကျိုးရှိမည့် အခြား အလုပ်များကို လုပ်ကိုင်ရန် အဆင်ပြေ လာသည်။ ခွင့်ယူသည့် အချိန်အတွင်း ''ဓီနန္ဒာ'' သီလရှင် စာသင်တိုက်မှ ဆရာကြီးနှင့် ဆရာလေး များ၏ ဆုံးမ သွန်သင်မှု အောက်တွင် စိတ်နှလုံးကို ငြိမ်းချမ်းအောင် ထားတတ် လာခဲ့သည်။ စိတ်ငြိမ်းချမ်း သဖြင့် အရာရာကို အကောင်းမြင် နိုင်လာသည်။

လူတစ်ဖက်သား ကို စဉ်းစား ပေးတတ် လာသည်။ စွန့်သင့်သည် နှင့် ဆောင်သင့်သည် များကို ခွဲခြားသိမြင် လာသည်။ သို့အတွက် ကိုယ်မပါလျှင် မပြီး ဘာမျှ မဖြစ်ဟူသော အစွဲက တဖြည်းဖြည်း လျော့နည်း သွားခဲ့သည်။ ''ငါ၏ ကိုယ်မှာ၊ နံ့သာ မွှေးကြိုင်၊ မြဲခိုင်လှစွာ၊ ကောင်းရာမမြင်၊ ဆံပင်သာရှိ၊ အမွေးရှိ၏။ ရှိသည့်လက်သည်း၊ ခြေအသည်းနှင့်၊ သွားလည်း တစ်ထွေ၊ အရည်တစ်မျိုး၊ ညှီနံ့ဆိုးသည်၊ အသိုးအပုပ်ကြီး ပါတကား'' ဆရာလေး များ၏ သံပြိုင် ရွတ်ဆိုသံ ကြားမှပင် အတွေးမှ အသိ ပြန်ဝင်လာသည်။ သီလရှင် ဝတ်မည့် ကလေးမလေး ၏ ဆံပင်များကို ဖြတ်ရင်း ရွတ်ဆိုကြခြင်း ဖြစ်သည်။ ''ကေသာ သုညာ၊ အတ္တေန ဝါ အတ္တနိယေန ဝါ'' '' ဆံပင်၌ ငါသူတစ်ပါး ယောက်ျားမိန်းမ မရှိ၊ ဆံပင်သည် ငါသူတစ်ပါး ယောက်ျားမိန်းမ မဟုတ်'' ဆံပင်ခံရန် ပဝါစ ကိုင်ထားရင်း ရင်ထဲမှ လှိုက်ကာ မျက်ရည်များ ဝဲလာမိသည်။

ကလေးမလေးကို ကြည့်တော့ သူ့မျက်နှာသည် အရွယ်နှင့် မလိုက်အောင် ပကတိ တည်ငြိမ် နေသည်။ သူ့အတွက်တော့ ငြိမ်းအေးသော ဘဝတစ်ခုကို ပိုင်ဆိုင် သွားပေပြီ။ သူ့မိဘများလည်း စိတ်အေး ပေလိမ့်မည်။ အပူ ဆင်းရဲခြင်း ကင်းစွာဖြင့် လောကီ၊ လောကုတ္တရာ ပညာများကို သင်ကြား ခွင့်ရကာ မြင့်မြတ်သော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပြီ။

ထို ရစ်ဝဲလာသည့် မျက်ရည်များသည် ဝမ်းသာလွန်း သဖြင့်ကျသော မျက်ရည်များပင် ဖြစ်မည်။ ရွတ်ဆိုမှုများ အပြီး ဆံပယ်ပြီးချိန် တွင်မူ သီလရှင် ဝတ်စုံလေးနှင့် တင့်တယ်သော ဆရာလေး တစ်ပါးအဖြစ် မြင်တွေ့လိုက် ရသည့် အချိန်တွင် ရင်ထဲ၌ ပြောမပြ တတ်အောင် ဝမ်းသာမိသည်။ ထိုကျောင်းတိုက် အတွင်းရှိ ဆရာကြီး၊ ဆရာလေး များနှင့် ထိုဆရာလေးအား လှူဖွယ်ဝတ္တု အစုစုတို့ကို ကပ်လှူကာ ကျောင်းဝင်းထဲမှ ပြန်ထွက်ခဲ့သည်။ အပြန်ခရီး တွင်တော့ လေးလံသော ရင်ထဲမှ အတွေးများကို ခဝါချ၍ အေးမြသည့် ဆရာလေး သဏ္ဌာန်တစ်ခု ကိန်းအောင်းကာ ခြေလှမ်းတို့သည် သွက်လက် ပေါ့ပါးလျက် အရာရာ တိုင်းတွင် ကိုယ်မပါဘဲ ကိုယ်မရှိဘဲ၊ ဖြစ်သွားသည့် အရာများလည်း အမြောက်အမြား ရှိနေပါလား ဆိုသည့် အတွေးတို့ သည်လည်း စိုးမိုးလျက် ...

#Yadanarpondaily

No comments:

Post a Comment