Pages

Thursday, May 7, 2015

မြန်မာပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် ကနေဒါနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပို့ကုန်များတင်ပို့နိုင်


ရန်ကုန် ၊ ၇-၅-၂ဝ၁၅

ကနေဒါနိုင်ငံ သည် မြန်မာနိုင်ငံ အပေါ် သွင်းကုန် ကင်းလွတ်ခွင့် ပြုလိုက်ခြင်းကြောင့် မြန်မာပို့ကုန် လုပ်ငန်းရှင်များ အနေဖြင့် အခွန် ကင်းလွတ်ခွင့် ဖြင့် ပို့ကုန်များ တင်ပို့နိုင် တော့မည် ဖြစ်ကြောင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ကနေဒါနိုင်ငံ အစိုးရသည် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှု များကို ထောက်ခံသည့် အနေဖြင့် ပို့ကုန် အများစုကို အခွန် ကင်းလွတ်ခွင့် ပြုလိုက်ခြင်း ဖြစ်ပြီး နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များတိုးမြှင့်ရန် ဆောင်ရွက် သွားမည်ဖြစ်၍ General Preferential Traiff (GPT) နှင့် Least Developed Country Tariff (LDCT) ကို ယခုနှစ် မတ်လတွင် ပြန်လည် သက်တမ်းတိုး ပေးအပ်ခဲ့ကြောင်း သိရသည်။

''အခွန် ကင်းလွတ်ခွင့် နဲ့ တင်ပို့ရမှာ ဆိုတော့ ပို့ကုန် လုပ်ငန်းရှင်တွေ အနေနဲ့ အခွင့်အလမ်းတွေ အများကြီး ပိုရလာတယ်။ ဒါပေမဲ့ သူတို့နိုင်ငံက သတ်မှတ်တဲ့ ပို့ကုန် အရည်အသွေးတွေ ဖြစ်လာမှလည်း သူတို့ ဈေးကွက်ကိုတင်ပို့နိုင်မှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ် တွေတုန်းကဥရောပသမဂ္ဂ နိုင်ငံတွေက မြန်မာနိုင်ငံကို ကုန်သွယ်ခွန် အထူး အခွင့်အရေးတွေ ပေးခဲ့တယ်။ ဒါပေမဲ့ တင်ပို့တဲ့ ကုန်ပစ္စည်း တွေမှာ အရည်အသွေး ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိနေတဲ့အတွက် ထင်သလောက် ခရီးမပေါက် ခဲ့ဘူး'' ဟု ပြည်ပသို့ လယ်ယာ ထွက်ကုန်ပစ္စည်း များ တင်ပို့နေသည့် ပို့ကုန် လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ကနေဒါနိုင်ငံမှ ကာလရှည်ကြာ ပေးအပ် ထားသည့် GPT နှင့် LDCT ကို ၁၉၉၇ ခုနှစ်တွင် ပထမဆုံး အကြိမ်အဖြစ် ရုပ်သိမ်းခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဧပြီလတွင် ယင်း အခွင့်အရေး များကို ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်များ အနေဖြင့် သဘာဝ ဓာတ်ငွေ့ အပါအဝင် လယ်ယာ ထွက်ကုန်ပစ္စည်း များကို တင်ပို့လျက်ရှိပြီး လက်ရှိတွင် ဥရောပသမဂ္ဂ နိုင်ငံများမှ ပေးအပ်ထားသည့် ကုန်သွယ်ခွန် အထူး သက်သာခွင့် အခွင့်အရေးဖြင့် တင်ပို့မှု အခြေအနေ တွင် အရည်အသွေးပိုင်း ဆိုင်ရာ လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။

အေဒီမိုး

#Themyawadydaily

No comments:

Post a Comment