Pages

Tuesday, May 5, 2015

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အထင်ကရ ဈေးကြီးများတွင် စားသောက်ကုန်များ ရှောင်တခင်စစ်ဆေးမှု ဆောင်ရွက်မည်


မန္တလေး ဈေးချို

မန္တလေး ၊ ၅-၅-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ အထင်ကရ ဈေးကြီးများတွင် စားသောက်ကုန်များ ရှောင်တခင် စစ်ဆေးမှု ယခုလ အတွင်း ဆောင်ရွက် သွားရန် ရှိကြောင်း အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန (မန္တလေးရုံးခွဲ) မှ သိရသည်။

ယင်းကဲ့သို့ အထင်ကရ ဈေးကြီးများတွင် ရောင်းချ နေသည့် အစားအသောက် နမူနာ များကို Mobile Lab ကားဖြင့် ချက်ချင်း စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် စားသုံးရန် မသင့်ကြောင်း တွေ့ရှိပါက သိမ်းဆည်းကာ ပညာပေးခြင်း များကို မန္တလေး မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် စားသုံးသူ ကာကွယ်ပေးရေး အသင်းတို့ ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန ( မန္တလေးရုံးခွဲ) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲမှု ဦးစီးဌာန အနေဖြင့် ဈေးကွက် အတွင်းရှိ သောက်ရေသန့် များကို လေးလတစ်ကြိမ် စစ်ဆေးလျက် ရှိပြီး ဆေးဆိုင်များတွင် ပုံမှန် စစ်ဆေးလျက် ရှိကာ ယခုနှစ် ဧပြီလအထိ တရားမဝင် ဆေးဝါး၊ ဆေးဝါးအတု နှင့် စံမညီ ဆေးဝါး ၃ဝ မှုခန့် ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။ 

''အဓိက ကတော့ ဆိုးဆေး ပါဝင်မှုနဲ့ တားမြစ် ဆေးဝါးတွေ သုံး၊ မသုံးပေါ့။ ဒါကို စစ်ဆေးမှာပါ။ ကျွန်တော်တို့ ဘက်ကလည်း စားသောက်ကုန်၊ သောက်ရေသန့် တွေကို စံချိန်စံညွှန်းနဲ့ ညီအောင် ထုတ်၊ မထုတ် ပုံမှန် စစ်ဆေး နေတယ်။ စားသုံးသူ တွေဘက် ကလည်း အစားအသောက်၊ ဆေးဝါးတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ လေ့လာပြီး ရွေးချယ်ဝယ်ယူ စားသောက် စေချင်တယ်။ အခု ဆေးဝါးအတု၊ အစစ် ခွဲခြား သိအောင် လက်ကမ်း စာစောင်တွေကို ဟောပြောပွဲ တွေနဲ့အတူ ဖြန့်ဝေသွားမယ်'' ဟု အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောပြသည်။

ယခုနှစ်ကုန်တွင် သက်တမ်းကုန် ဆေးဝါးများကို ဈေးကွက်အတွင်း ပြန်လည် မဝင်ရောက် နိုင်ရန် ဆေးဆိုင်များနှင့် ညှိနှိုင်း ရှာဖွေကာ ဖျက်ဆီးသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment