Pages

Wednesday, May 6, 2015

ဧရာဝတီလင်းပိုင် ကြည့်ရှုရန် သွားလာသူများ ထုတ်ပြန်ထားသော စည်းကမ်းချက်များ အတိုင်း လိုက်နာရန်လို



မန္တလေး ၊ ၆-၅-၂၀၁၅

ဧရာဝတီမြစ် အတွင်းသို့ ဧရာဝတီလင်းပိုင် ကြည့်ရှုရန် သွားလာသော ပြည်တွင်း၊ ပြည်ပမှ ခရီးသွား ဧည့်သည်များသည် သက်ဆိုင်ရာ ငါးလုပ်ငန်း ဦးစီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက် များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန ဧရာဝတီ လင်းပိုင် ထိန်းသိမ်း စောင့်ရှောက်ရေး တာဝန်ခံထံမှ သိရသည်။

ဧရာဝတီမြစ် အတွင်း နို့တိုက် သတ္တဝါ လင်းပိုင် တို့သည် လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝဝ ကျော် ကတည်းက နေထိုင်ကျက်စား ခဲ့ကြပြီး ဧရာဝတီမြစ်ကို အစွဲပြု၍ ဧရာဝတီ လင်းပိုင်ဟု အမည်ပေး ခဲ့ကြသည်။ ဧရာဝတီ လင်းပိုင်များနှင့် ရေကွန် လုပ်သားများ ပူးပေါင်း၍ ငါးဖမ်းဆီးခြင်း ရိုးရာဓလေ့ကို နိုင်ငံခြားသား ခရီးသွားများ အထူး စိတ်ဝင်စားလျက် ရှိပြီး လာရောက် လေ့လာသည့် အရေအတွက် သည်လည်း နှစ်စဉ် မြင့်တက်လျက် ရှိသည်။

ဧရာဝတီလင်းပိုင် ကြည့်ရှုခြင်း နှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ လေ့လာခြင်းကို အခြေခံသည့် ကျေးရွာ အခြေပြု ခရီးသွားလုပ်ငန်း ကို မန္တလေးတိုင်း ဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေး ဌာနတို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသည်။

နိုင်ငံခြားသား များကို ဧရာဝတီ လင်းပိုင် ကြည့်ရှုရန် ခေါ်ဆောင် လာသော ကုမ္ပဏီများသည် ငါးလုပ်ငန်း ဦးစီးဌာနနှင့် ဆက်သွယ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ငါးလုပ်ငန်း ဦးစီးဌာန အနေဖြင့် ဧရာဝတီ လင်းပိုင်များ မျိုးမသုဉ်းရေး အတွက် ထိန်းသိမ်းရေး၊ စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း၊ လင်းပိုင်များ ရေရှည် ထိန်းသိမ်းနိုင်ရေး အတွက် ကြည့်ရှုသူများ လိုက်နာရန် စည်းကမ်းချက်များ ထုတ်ပြန် ထားကြောင်း သိရသည်။

လင်းပိုင်ကြည့်ရှုသူ များသည် လင်းပိုင်တို့၏ အပြုအမူကို ပျက်ပြား စေနိုင်သော လင်းပိုင်အုပ်စု၏ ဦးတည်ရာ လမ်းကြောင်းရှေ့ ဖြတ်သန်း ပိတ်ဆို့ ကြည့်ရှုခြင်း မပြုရန်၊ လင်းပိုင်အုပ်စု၏ ဘေးဘက် မှသာ ချဉ်းကပ် ဝင်ရောက် လေ့လာရန်၊ ကွန်ပစ်လှေ ပေါ်တွင် လေ့လာသူများ လိုက်ပါကြည့်ရှုခြင်း မပြုဘဲ လင်းပိုင် အကြောင်း နားလည်သည့် သီးခြား လက်လှော်လှေ ပေါ်မှသာ ကြည့်ရှုရန်၊ အင်ဂျင်သံ ဆူညံသော ကြီးမားသည့် စက်လှေကြီး များဖြင့် အနီးကပ် လေ့လာခြင်း မပြုရန်၊ လင်းပိုင်တို့၏ သဘာဝ အလေ့အထ ကို ပျက်ပြားစေမည့် ထိတ်လန့်သည့် အော်ဟစ် ဆူညံစွာ ကြည့်ရှုခြင်း မပြုရန်၊ တစ်ကြိမ်တည်းတွင် လေ့လာသူ များပြားသော အုပ်စုကြီးဖြင့် ကြည့်ရှုခြင်း မပြုရန် စသည့် ထုတ်ပြန်ချက် များကို လိုက်နာရန် လိုအပ်ကြောင်း သိရသည်။ (၁၈ဝ)

#Yadanarpondaily

No comments:

Post a Comment