Pages

Sunday, April 5, 2015

ပြည်ပဘဏ်တစ်ခုဖြစ်သော OCBC ရန်ကုန်ဘဏ်ခွဲကို ဧပြီ ၂၃ ရက်တွင် ဖွင့်လှစ်မည်


ရန်ကုန် ၊ ၅-၄-၂၀၁၅

မြန်မာနိုင်ငံ၌ ဘဏ်ခွဲ ဖွင့်လှစ်ရန် ဗဟိုဘဏ်မှ လုပ်ကိုင်ခွင့် လိုင်စင် ခွင့်ပြု ပေးလိုက်သော နိုင်ငံခြားဘဏ် သုံးခုအနက် အရှေ့တောင် အာရှ ဒေသ၏ ဒုတိယ အကြီးဆုံး ဘဏ္ဍာရေး အဖွဲ့အစည်း တစ်ခုဖြစ်သော OCBC ဘဏ်၏ ရန်ကုန် ဘဏ်ခွဲကို ဧပြီ ၂၃ ရက်တွင် ရန်ကုန် မြို့တွင်းရှိ အချက်အချာ ကျသော နေရာ၌ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

OCBC ဘဏ်သည် စင်ကာပူ အခြေစိုက် ဘဏ်သုံးခုကို ပူးပေါင်း တည်ထောင် ထားပြီး ကမ္ဘာပေါ်ရှိ Rating အဆင့်မြင့် ဆုံးဘဏ်များထဲမှ တစ်ခုဖြစ်သည်။ ၂ဝ၁၁ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ်တို့တွင် အခိုင်မာဆုံး ဘဏ်အဖြစ် အသိအမှတ်ပြု သတ်မှတ် ခံထားရပြီး မြန်မာနိုင်ငံ၌ စီးပွားရေး လုပ်ငန်းသုံး အင်တာနက် ဘဏ်ဝန်ဆောင်မှု ကို ပေးအပ်သွားမည် ဖြစ်ရာ ပထမဆုံး ဘဏ်ခွဲကို မဟာဗန္ဓုလလမ်း နှင့် သိမ်ဖြူလမ်း ထောင့်ရှိ Union Financial Centre (UFC) ၌ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

''ရန်ကုန်မှာ ဘဏ်ခွဲ ဖွင့်လှစ်ဖို့ ခွင့်ပြုချက် ရတဲ့ ပထမဆုံး နိုင်ငံခြား ဘဏ်လုပ်ငန်း တစ်ခုအနေနဲ့ အလွန် ဝမ်းသာမိပါတယ်။ ဒီလိုင်စင်နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၊ မြန်မာနိုင်ငံမှာ လက်ရှိ ဆောင်ရွက်နေတဲ့ စီးပွားရေး နဲ့ ဘဏ္ဍာရေး အခန်းကဏ္ဍ တို့ရဲ့ ဖွံ့ဖြိုးမှု၊ ပြောင်းလဲ တိုးတက်မှုတွေ အတွက် ဆက်လက်ပံ့ပိုး ပေးသွားပါမယ်။ ရန်ကုန်ရုံးခွဲက OCBC ရဲ့ ဒေသတွင်း ဖြန့်ကြက်မှုမှာ သိသာ ထင်ရှားတဲ့ ခြေလှမ်း တစ်ရပ်ကို ပေါင်းစည်း နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာလို့လဲ ဆိုတော့ အရှေ့တောင် အာရှ နဲ့ တရုတ် ပြည်မကြီး တစ်လွှားက ကျွန်တော်တို့ Customer တွေဆီက မြန်မာနိုင်ငံကို စိတ်ဝင်စားမှု ခိုင်မာ လာတာကြောင့် ဖြစ်ပါတယ်'' ဟု OCBC ဘဏ်မှ Head of OCBC Global Commercial Banking ဖြစ်သူ Mr.Linus Goh က ပြောသည်။

မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၁ ခုနှစ်က မြန်မာ့ စီးပွားရေး လမ်းဖွင့် ပေးလိုက်သည့် အချိန်မှစ၍ OCBC ဘဏ်သည် လေ့ကျင့်ရေး နှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး ကဏ္ဍများတွင် ပြည်တွင်းရှိ ဘဏ်များနှင့် ပူးပေါင်း ဆောင်ရွက်နေပြီး ပြည်ပ ဈေးကွက်များ၏ ဘဏ်လုပ်ငန်း ဆိုင်ရာ လုပ်ငန်းများကို လေ့လာနိုင်ရန် ပြည်တွင်း ဘဏ်လုပ်ငန်း များမှ ဝန်ထမ်းများအား ပံ့ပိုးကူညီ ပေးသည့် လေ့လာမှုများကို စင်ကာပူ၊ တရုတ် နှင့် ဟောင်ကောင် ကဲ့သို့ ပြည်ပ လေ့လာရေး ခရီးစဉ်များ စေလွှတ်ပေး ခဲ့သည်။ ၄င်းအပြင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး ဆက်သွယ်ရေး လမ်းကြောင်းတွင် အသုံးပြုရန် Scania အမျိုးအစား ဘတ်စ်ကား အစီး ၁ဝဝ အတွက် ချေးငွေ ထုတ်ပေးခဲ့ခြင်း နှင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဆိုင်ရာ အဆောက်အအုံ များကို တည်ဆောက် ပေးနေသော Pan Asia Majestic Eagle Limited ကို non-recourse loan ဖြင့် ဘဏ္ဍာရေး အထောက်အပံ့ ပေးခြင်းကို တခြား နိုင်ငံခြားဘဏ် လေးခုနှင့် ချိတ်ဆက်၍ အမေရိကန် ဒေါ်လာ ၈၅ သန်းဖြင့် တာဝါတိုင် တည်ဆောက်ခြင်း လုပ်ငန်းများတွင် ပံ့ပိုးကူညီ ခြင်းများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

မိုးအောင်

#Themyawadydaily

No comments:

Post a Comment