Pages

Monday, April 6, 2015

ရန်ကုန်မြို့ရှိ သင်္ဘောလိုင်းတချို့ သင်္ဘောသားအသစ်များကို လုပ်အားပေးစနစ် အသုံးပြု၍ သင်္ဘောတင်ပေးမှုများ ပြုလုပ်လာ


ရန်ကုန် ၊ ၆-၄-၂၀၁၅

ရန်ကုန်မြို့ရှိ သင်္ဘောလိုင်း တချို့သည် လက်ရှိတွင် သင်္ဘောသား လူသစ်များကို အခကြေးငွေ ယူပြီး သင်္ဘောတင် ပေးမှုများ မပြုလုပ်တော့ဘဲ မိမိတို့၏ သင်္ဘောလိုင်း များတွင် လုပ်အားပေး ဝန်ထမ်းများ အဖြစ် အသုံးပြု၍ အလှည့်ကျ စနစ်ဖြင့် သင်္ဘော တင်ပေးမှုများ ပြုလုပ်လာကြောင်း လုပ်အားပေးစနစ် အသုံးပြုပြီး သင်္ဘော တင်ပေးသည့် သင်္ဘော လိုင်းများမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''လက်ရှိမှာ သင်္ဘောသား လူသစ်တွေကို သင်္ဘောလိုင်း တွေက သင်္ဘော တင်ပေးရင် အနိမ့်ဆုံး ၄၅ သိန်းကနေ အမြင့်ဆုံး ၅၅ သိန်းအထိ ယူပြီးမှ သင်္ဘောတင် ပေးကြတယ်။ ကျွန်တော်တို့ လုပ်အားပေး စနစ် အသုံးပြုတဲ့ သင်္ဘောလိုင်း ကျတော့ သင်္ဘောတက် ချင်တဲ့ သင်္ဘောသား အသစ်တွေ ရုံးကိုလာ ရုံးမှာဝန်ထမ်း မထားဘူး။ အဲဒီ သင်္ဘောသား အသစ်တွေကပဲ လုပ်အားပေး ဝန်ထမ်း အဖြစ်ဝင်လုပ်ပြီး ဝါရင့် သင်္ဘောသား ကြီးတွေဆီ ကနေ အစစအရာရာ သင်ယူစေတယ်။ ပြီးရင် လုပ်အားပေး ဝန်ထမ်းလုပ်တဲ့ သင်္ဘောသား အသစ်တွေကို အလှည့်ကျ သင်္ဘောတင် ပေးပါတယ်'' ဟု ဗိုလ်တထောင် မြို့နယ်ရှိ လုပ်အားပေး စနစ် အသုံးပြုသည့် သင်္ဘောလိုင်း တစ်လိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သင်္ဘောသား လူသစ်များ အနေဖြင့် ယင်း လုပ်အားပေး စနစ်သုံး သင်္ဘောလိုင်း များတွင် တစ်ဦးလျှင် အနည်းဆုံး လေးလမှ ရှစ်လအထိ လုပ်အားပေးပြီးမှ သင်္ဘောတင် ပေးကြရကြောင်း သိရသည်။ သင်္ဘောသား အသစ်များကို လုပ်အားပေး စနစ် အသုံးပြုပြီး သင်္ဘော တင်ပေးသည့် သင်္ဘောလိုင်း အများစုမှာ မြန်မာနိုင်ငံ အခြေစိုက် တရုတ် (တိုင်ပေ) သင်္ဘောလိုင်းများ ဖြစ်သည်။

လုပ်အားပေး သင်္ဘောသား အသစ်များသည် လုပ်အားပေး နေစဉ်ကာလ အတွင်း ၄င်း လုပ်အားပေးသည့် သင်္ဘောလိုင်းမှ လစာ အပါအဝင် အကျိုးခံစားခွင့် တစ်ခုမျှ ရရှိမည် မဟုတ်ဘဲ သင်္ဘော လိုက်ခွင့်သာ ရရှိမည် ဖြစ်ကြောင်း သိရသည်။

ယင်းစနစ်ကို လုပ်အားပေး စနစ်သုံး သင်္ဘောလိုင်းများမှ ၂ဝ၁၅ ခုနှစ် မတ်လ နောက်ဆုံးပတ်မှ စတင်၍ ကျင့်သုံးလာကြ ခြင်းဖြစ်သည်။ လုပ်အားပေး စနစ်ဖြင့် သင်္ဘောတင် ပေးမှု ပေါ်ပေါက် လာခြင်းကြောင့် ငွေကြေး မတတ်နိုင်သည့် သင်္ဘောသား အသစ်များ အနေဖြင့် လွယ်ကူစွာ သင်္ဘောတက် နိုင်မည် ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ သင်္ဘောသား ဦးရေ ငါးသိန်းခန့် ရှိကြောင်း သိရသည်။

မင်းသော်တာလွင်

#Themyawadydaily

No comments:

Post a Comment