Pages

Sunday, April 5, 2015

ရခိုင်ပြည်နယ်ရှိ ဘွန်ဆိုင်း (သက်ကြီးပု) ဒီရေတောပင်များရှိရာ ဒေသများကို အထူးကာကွယ်ရေးဇုန် အဖြစ် သတ်မှတ်မည်


ဂွ ၊ ၅-၄-၂၀၁၅

ရခိုင်ပြည်နယ်ရှိ ဘွန်ဆိုင်း (သက်ကြီးပု) ဒီရေတောပင်များ ရှိရာ ဒေသများကို အထူး ကာကွယ်ရေးဇုန် အဖြစ် သတ်မှတ်နိုင်ရန် ကွင်းဆင်း တိုင်းတာမှုများ ဆောင်ရွက်လျက် ရှိကြောင်း သစ်တောဦးစီးဌာန လက်အောက်ရှိ ရေဝေရေလဲ ဌာနမှ သိရသည်။

ရခိုင်ပြည်နယ် ဂွမြို့နယ်ရှိ တိုင်ကျိုးကျေးရွာ နှင့် မော်ရွှေချိုင် ကမ်းခြေတစ်လျှောက်၊ လောင်းကျိုးရွာ နှင့် ကမ်းသာယာ အကြားရှိ ရေမြစ်တောင်ခြေ ပင်လယ်ကမ်းခြေ တစ်လျှောက်နှင့် ဂွကျွန်းတို့၌ သက်ကြီးပု ဒီရေတော ပင်များ ပေါက်ရောက်မှုကို ၂ဝ၁၄ ခုနှစ် အတွင်းက တိုင်းတာမှုများ ဆောင်ရွက် ခဲ့ကြောင်း၊ လက်ရှိ အချိန်တွင် ကမ်းရိုးတန်းနှင့် တခြား ပေါက်ရောက်ရာ ဒေသများ၌ ကွင်းဆင်း တိုင်းတာမှုများ ဆောင်ရွက် နေကြောင်း သိရသည်။

ဘွန်ဆိုင်း (သက်ကြီးပု) ဒီရေတောပင်များ များကို Bonsai mangrove ဟုခေါ်ပြီး Rocking mangrove ဟုလည်း ခေါ်ကြကြောင်း၊ အဆိုပါ အပင်ငယ် များသည် ကျောက်သားထဲတွင် ရေလှိုင်းဒဏ်ကို ခံပြီး ခက်ခက်ခဲခဲ ပေါက်သည့် အပင်လေးများ ဖြစ် ၍ သက်တမ်းနှစ် ၇ဝ ကျော်အထိ အရွယ်အသေး ဖြစ်နေခြင်းမှာ ထူးခြားသည့် ဂေဟစနစ် တစ်ခုဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ လေ့လာသူ တစ်ဦးက ပြောသည်။

မြန်မာ တစ်နိုင်ငံလုံး၌ ဒီရေတော ဧက တစ်သန်းနှစ်သိန်း ခန့်ရှိပြီး ကမ္ဘာ့ ဒီရေတော ဧရိယာ၏ ၃ ဒသမ ၃ ရာခိုင်နှုန်း ရှိသည့်အတွက် မြန်မာနိုင်ငံ သည် ကမ္ဘာပေါ်၌ ဒီရေတော ပိုင်ဆိုင်မှု အဆင့်ခုနစ်ဖြင့် ရပ်တည်နေဆဲ ဖြစ်ပြီး မြန်မာ့ ဒီရေတောများ ပြန်လည် ထူထောင်ရေး စီမံကိန်းကို ဂျပန်နိုင်ငံ အကူအညီဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment