Pages

Tuesday, April 21, 2015

မှတ်စုရေး အလွတ်ကျက် ပြန်ဖြေခြင်းမှသည် ကလေးဗဟိုပြု ပညာရေးသို့



မှတ်စုရေး အလွတ်ကျက် ပြန်ဖြေခြင်းမှသည် ကလေးဗဟိုပြု ပညာရေးသို့

ဒေါက်တာလွင်သန့်

စာမလိုက်နိုင်သည့် ပညာရေးစနစ် မှ သွေဖည် လာသော လူငယ်များ၌ အများဆုံး တွေ့ရသည်မှာ အလွတ် မဖြေတတ်၊ မကျက်မှတ် တတ်သော ကလေးများ ဖြစ်သည်။

၂၁ ရာစု နိုင်ငံတကာ သင်ကြားရေး စနစ်မှာ ကလေးဗဟိုပြု ချဉ်းကပ်နည်း (Child Centered Approach - CCA) ပင်ဖြစ်သည်။ ဆရာက ဖတ်စာအုပ် ကိုင်ဖတ်ပြ၊ မှတ်စု လိုက်ရေး အလွတ်ကျက် ဖြေခြင်းသည် စာမေးပွဲ မဟုတ်ပေ။ ဖတ်စာအုပ်ကို အကူ ကိရိယာ အဖြစ်ထားကာ လူငယ်များ၏ ဉာဏ်ရည် ဉာဏ်သွေးနှင့် ကိုယ့်စွမ်းကိုယ်စ ရှိသလောက် ချဲ့ထွင်ယူတတ် ရပါမည်။ အနာဂတ် လူ့အဖွဲ့အစည်း အတွက် ကောင်းစွာ ပြုပြင် ပေးနိုင်စွမ်း ရှိခြင်းမှာ ဆရာ၊ ဆရာမ များဖြစ်သည်။ သင်ခန်းစာ သင်ပေးပြီးလျှင် အလွတ်ကျက် စေကာ ရသော အမှတ်ကို ပထမ၊ ဒုတိယ၊ တတိယ အဆင့်နှင့် အအောင် - အရှုံး သတ်မှတ်ရုံဖြင့် လူငယ်၏ စွမ်းဆောင်မှုကို လျစ်လျူရှု ထားသည့် ဆရာ၊ ဆရာမ များ၏ အချုပ်အချယ်၊ အကန့်အသတ် ကြားတွင် စာသင်ရသောကလေးများ အဖို့ ယခုအခါ သဘာဝ လွတ်လပ်မှုကို အပြည့်အဝ ဖြည့်ဆည်းပြီး ဆရာ၊ ဆရာမ ဖေးမ ကူညီမှုနှင့် သင်ကြားရသော ပညာရေး ကာလသို့ ရောက်နေပါပြီ။ ထို သင်ကြားနည်းမှာ ရေရှည်တွင် ပိုမိုအောင်မြင် လာနိုင်ကြောင်း ပညာရှင်များ၏ လေ့လာမှု အရ သိရသည်။

လူငယ်များကို စနစ်တကျ လွတ်လပ်စွာ ပြောဆိုနေထိုင် တတ်ရန်၊ ကိုယ်မရှင်းသော စာကို မေးရဲရန် ဆရာ၊ ဆရာမ မကြောက်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်အောင် လေ့ကျင့် သင်ကြား ပေးရမည်။ ကလေးများ၏ ကိုယ်စွမ်းရှိ သမျှ ပိုမိုထုတ်နုတ် နိုင်ရမည်။ မိမိသင်ကြား ပေးလိုက်သော ကလေးသည် သူတို့ကိုယ်တိုင် လွတ်လပ်စွာ တွေးခေါ်၊ ပြောဆိုတတ်မှ၊ လေ့ကျင့်တတ်မှ ဆရာ့တာဝန် ကျေမည် ဖြစ်သည်။

ကလေးကို စာစီစာကုံး ရေးခိုင်းမည် ဆိုပါစို့။ ကလေးပါဝင် နိုင်သော ခေါင်းစဉ် ဖြစ်သင့်သလို လွတ်လပ်စွာ ရေးသင့်သည်။ ဥပမာ- ကျွန်ုပ်၏ ရည်မှန်းချက် ရေးခိုင်းလျှင် ဆရာ ခေါ်ပေးသည့် မှတ်စု မဖြစ်စေရန် အရေးကြီးပြီး ကလေး၏ စိတ်ကူး စိတ်သန်းကို တတ်နိုင်သလောက် ပံ့ပိုးပေး ပြုပြင်ပေး ရမည်။ ကျောင်းသား ဗဟိုပြု သင်ကြားရေး ဆိုသည်မှာ လူငယ်များ၏ လွတ်လပ်စွာ လုပ်ဆောင်ချက်များ အပေါ်တွင် အတွေးမှား၊ အမြင်မှား များကို တည့်မတ် ပေးရန်၊ စည်းကမ်းရှိရန် ဆရာ၊ ဆရာမ များက တာဝန်ယူ ရမည်။ ကလေးများနှင့် အတူ စုပေါင်းဆွေးနွေး ရမည်။ ကလေးများ တွေးခေါ် မြော်မြင်မှု၊ ခွဲခြမ်းစိတ်ဖြာ နိုင်စွမ်း၊ တီထွင်နိုင်စွမ်း ရှိမှုကို ပံ့ပိုးရမည်။ အလုပ် တစ်ခုကို တီထွင်လိုစိတ်၊ ကိုယ့်ကိုယ်ကိုယ် ထိန်းကျောင်းလိုစိတ်၊ ဉာဏ်ရည် ဉာဏ်သွေးနှင့် တာဝန်သိစိတ်၊ တာဝန်ယူစိတ် ရှိလာအောင် လေ့ကျင့် ပေးရမည်။

လူငယ်၏ ကျောင်း လေ့ကျင့်ခန်းများ ကို ဆရာ၊ ဆရာမ များ၏ စိတ်ကြိုက်ဖြစ်မှ၊ ကိုယ့်မှတ်စုကို ကျက်မှတ်ပြီး ရေးနိုင်မှ ကလေး၏ ဦးနှောက်ထဲသို့ သူတို့ ကိုယ်တိုင် ဝင်ရောက် လုပ်ကိုင်သလို အမှတ် ပေးခြင်းမျိုး မလုပ်သင့်ပါ။ 

လူငယ်၏ တွေးခေါ် တင်ပြပုံ မှန်ကန် ကောင်းမွန်အောင် နည်းလမ်းပြ ဆွေးနွေးပေး ရမည်။ လွဲနေသည်ကို တည့်မတ် ပေးရမည်။ လူငယ်၏ ဦးနှောက်ထဲသို့ သူတို့ကိုယ်တိုင် ဝင်ရောက် လုပ်ကိုင် ရခြင်းကို ပျော်နေအောင်၊ အရည်အသွေး ရှိလာအောင် လုပ်နည်း ကိုင်နည်း ပြသရ ပါမည်။

လူငယ်များ စာအလွတ် ကျက်ပြီး ဖြေသည့် အဖြေထက်၊ သူတို့ နားလည်သလို ရေးသား၍ ဦးတည်ချက် မလွဲသော အနှစ်သာရလည်း မပျက်စီးသည့် တီထွင် ရေးသားမှုကို အမှတ် ပိုပေးသင့်သည်။ ပဉ္စမတန်း အောင်မြင်သောကျောင်းသား တစ်ဦးက ပဉ္စမတန်းကို ကောင်းကောင်း ပြန်သင်နိုင် ရမည်။

ကလေးဗဟိုပြု ချဉ်းကပ်နည်း (CCA) က ရည်မှန်းချက် ကောင်းပါသည်။ လူငယ်များ ကျူရှင်တက်ရ၊ ဂိုက်ခေါ်ရ၊ အလုပ်အကျိုး မရှိ အချိန်ကုန် လူပင်ပန်း မဖြစ်ရန် လူငယ်များ စာကို အလွတ်ကျက်မှတ် ခြင်းမှ ကင်းဝေးရန် ဖြစ်ပါသည်။

#Themyawadydaily

No comments:

Post a Comment