Pages

Sunday, April 12, 2015

တန်ဖိုးထားဆင်နွှဲ သင်္ကြန်ပွဲ


တန်ဖိုးထားဆင်နွှဲ သင်္ကြန်ပွဲ

၁၃၇၆ ခုနှစ် မဟာသင်္ကြန် ကာလ ရောက်တော့မည် ဖြစ်သည်။ ဧပြီ ၁၃ ရက်နေ့သည် သင်္ကြန် အကြိုနေ့ ဖြစ်သည်။ ဧပြီ ၁၇ ရက်နေ့သည် ၁၃၇၇ ခုနှစ်၏ နှစ်ဆန်း တစ်ရက်နေ့ ဖြစ်သည်။ ဧပြီ ၁၃ ရက်မှ ဧပြီ ၁၆ ရက် ကာလသည် သင်္ကြန်ပွဲတော် ကာလ ဖြစ်သည်။

သင်္ကြန်ပွဲတော် သည် မြန်မာတို့၏ နှစ်သစ်ကူး ပွဲတော်ဖြစ်သည်။ မြန်မာ့ရိုးရာ နှစ်သစ်ကူးပုံ စနစ်မှာ နက္ခတ်ဗေဒ ပညာရှင် များ၏ တွက်ချက်မှုဖြင့် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် နေ့ရက် အချိန်ကာလ ကို ဖော်ပြ သတ်မှတ်၍ ကျင်းပခြင်း ဖြစ်သည်။ ဘာဏုရာဇာ အမည်ရှိသော တနင်္ဂနွေဂြိုဟ် (နေမင်း) သည် တပေါင်းလ ဖြစ်သည့် မိန်ရာသီ ရေဝတီနက္ခတ် မှ တန်ခူးလ မိဿရာသီ အဿဝတီနက္ခတ်သို့ ပြောင်းရွှေ့ချိန် ကို သတ်မှတ်သည်။

တန်ခူးလ သင်္ကြန်ပုံရိပ် ပိတောက်ပန်း သည် တစ်နှစ်မှာ တစ်လတည်း၊ ထိုတစ်လ တွင်လည်း တစ်ရက်သာ ပွင့်သည့် ပန်းဖြစ်၍ မြတ်နိုး တန်ဖိုးထား ဆွတ်ယူပန်ဆင် ကြသည်။ ပိတောက်ပန်း နှင့်အတူ နှစ်သစ်တွင် တစ်ကြိမ်သာ ကျင်းပခွင့် ရသည့် နှစ်သစ်ကူး သင်္ကြန်ပွဲတော် ကိုလည်း မြတ်မြတ်နိုးနိုး တန်ဖိုးထား ဆင်နွှဲကြသည်။ ကျေးလက်ဒေသ များတွင် ဘုရားသွား ကျောင်းတက်၊ ရေလှူ၊ ဆွမ်းကျွေး၊ စတုဒိသာ အလှူပွဲများ၊ သက်ကြီးရွယ်အို အဘိုး၊ အဘွားများအား ရေချိုး၊ နံ့သာ လိမ်းကျံပေးပြီး ပူဇော်ကန်တော့ ကြလေ့ ရှိသည်။

လူငယ်လူရွယ် များသည် အစုအဖွဲ့ များဖွဲ့ကာ ကုသိုလ်မှုကို အပြိုင်အဆိုင် အတီး၊ အမှုတ်၊ အက၊ အခုန် တို့ဖြင့် ပြုလုပ် ကြသည်။ ရေပက် ကစားရာ၌ ယဉ်ကျေး သိမ်မွေ့စွာ သပြေခက်ဖြင့် ပက်ကြသည်မှာ ချစ်စရာ ရိုးရာဓလေ့ တစ်ခုအဖြစ် ရှိနေခဲ့သည်။ ယခုအခါ လွတ်လပ် ပွင့်လင်း မြင်သာမှုနှင့် အတူ နိုင်ငံတကာမှ ဝင်ရောက် လာသည့် စည်းလွတ်ဝါးလွတ် အပြုအမူ များကို မြင်တွေ့ လာရသည်။

မြို့ပြဒေသ များတွင် သူ့ထက်ငါ ရေကစား မဏ္ဍပ်ကြီးများကို အပြိုင်အဆိုင် တည်ဆောက်၊ အနောက်တိုင်း တေးဂီတ တူရိယာများနှင့် အနောက်တိုင်း အဆို၊ အက များဖြင့် ရေပက်ကစား နေကြသည်မှာ မြန်မာ့ရိုးရာ ဘယ်ဟာ ဟု ဆိုရမည်မသိ ဖြစ်နေသည်။ လမ်းမများ ပေါ်တွင် အရက်သေစာ သောက်စား မူးယစ်ခြင်း၊ မပေါ်တပေါ်၊ မလုံတလုံ ဝတ်စုံများ ဝတ်ဆင် လမ်းသလား နေသည့် အမျိုးသမီး များကို တွေ့နေရ ခြင်းသည် မြန်မာ့ရိုးရာ သင်္ကြန်၏ ပုံရိပ်ကို အရိပ်မည်း ထိုးသကဲ့သို့ ခံစားရသည်။

ထို့ကြောင့် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ကာလတွင် မြန်မာ့ရိုးရာ သင်္ကြန်ပုံရိပ် အမှန်ကို ဖော်ဆောင်နိုင်ရန် အတွက် နိုင်ငံတော်က ကြပ်မတ် ဆောင်ရွက်ပေး နေရသည်။ အမှန်တကယ် တွင်မူ နိုင်ငံတော်က တင်းတင်း ကျပ်ကျပ် ကြပ်မတ် ကွပ်ကဲမှု ပေးနေစရာ မလိုဘဲ မြန်မာ အမျိုးသား၊ အမျိုးသမီး တိုင်းက နိုင်ငံကြီးသား ပီပီ မိမိတို့၏ ရိုးရာ အစဉ်အလာကို ထိန်းသိမ်းမည် ဟူသောအသိ ကိုယ်စီဖြင့် မြန်မာ့ရိုးရာ သင်္ကြန် ယဉ်ကျေးမှု အစဉ်အလာကို ထိန်းသိမ်း သွားကြရမည် သာဖြစ်သည်။

သို့ဖြစ်ရာ ကမ္ဘာတွင် မြန်မာဟု ဆိုစမှတ်ပြု လောက်သည် အထိ မြန်မာတို့၏ ရိုးရာ သင်္ကြန်ပွဲတော် သည် ကောင်းမြတ်သော ထူးခြားသည့် အချက်များဖြင့် ပြည့်ဝလျက် ရှိသည်ကို အစဉ်အလာ မပျက် ဆက်လက် ထိန်းသိမ်းကြ ရာတွင် မြန်မာ့ ယဉ်ကျေးမှုကို တန်ဖိုးထားသည့် နိုင်ငံသား တို့၏ တာဝန်ဖြစ်၍ အသိ ကိုယ်စီဖြင့် ချစ်စဖွယ် ရနံ့များ ထုံမွမ်းသော ပျော်ရွှင် ကြည်နူးဖွယ် ကောင်းသော နှစ်သစ်ကူး သင်္ကြန်အဖြစ် တန်ဖိုးထား ပါဝင် ဆင်နွှဲ သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment