Pages

Wednesday, April 1, 2015

မှန်ကန်သည့် နေထိုင်စားသောက်မှု


မှန်ကန်သည့် နေထိုင်စားသောက်မှု

ပြည်သူများ အသက်ရှည် ကျန်းမာစေရေး အတွက် အရေးကြီးသည့် အချက်မှာ မှန်ကန်သည့် နေထိုင် စားသောက်မှု ပုံစံဖြစ်သည်။ အနေအထိုင် မဆင်ခြင်ဘဲ စားသောက်မှု ပုံစံ မှားယွင်းပါက ထူပြောများပြား လှသော ရောဂါအမျိုးမျိုး တို့အနက် တစ်မျိုး မဟုတ်တစ်မျိုး ရရှိခံစား ရနိုင်သည်။

ယနေ့ လူအများ အဖြစ်များပြီး ကြုံတွေ့တတ်သော ရောဂါများ ဖြစ်သည့် သွေးတိုး၊ နှလုံး၊ ဆီးချို၊ အဆုတ်၊ အသည်း၊ ကျောက်ကပ်ရောဂါ တို့အနက် ကျောက်ကပ် ရောဂါသည် ငွေကုန် ကြေးကျ အများဆုံးနှင့် ကုသရန် ခက်ခဲသော ရောဂါတစ်မျိုး ဖြစ်သည်။ အဆိုပါရောဂါ ကာကွယ်နိုင်ရန် အတွက် ဖြစ်ပွားမှ ကုသခြင်းထက် မဖြစ်ပွားမီ ကြိုတင် ဂရုစိုက် ဆင်ခြင်နေထိုင် စားသောက် တတ်ခြင်းသည်သာ အကောင်းဆုံး ဖြစ်သည်။

ကျောက်ကပ် ရောဂါသည် အသက်အရွယ် မရွေး ဖြစ်ပွား နိုင်သော်လည်း အသက်အရွယ် ကြီးလာသည်နှင့် အမျှ ကျောက်ကပ်ရောဂါ ဖြစ်ပွားနိုင်ခြေ မင့်တက် လာသည်ကို တွေ့ရသည်။ အထူးသဖြင့် အသက်(၄ဝ) ကျော်လျှင် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေ မြင့်မားပြီး ထိုအရွယ်တွင် ကျောက်ကပ်ထုထည် သေးလာခြင်း၊ ကျောက်ကပ် သွေးစီးဆင်းမှု လျော့နည်း လာခြင်း၊ ကျောက်ကပ် ၏ အရည် စစ်ထုတ်နိုင်မှု နှင့် စုပ်ယူမှု ကျဆင်းလာခြင်း များဖြစ်လေ့ ရှိကြောင်း ကျန်းမာရေး ပညာရှင် တို့က ဆိုထားကြသည်။

သာမန် လူတစ်ယောက် အနေဖြင့် အားအင် ကုန်ခန်းခြင်း၊ သွေးဖိအား တက်ခြင်း၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ ရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဆီးနည်းခြင်း၊ ဆီးမသွားခြင်း၊ ခန္ဓာကိုယ် အညို အမည်း စွဲလွယ်ခြင်း၊ ခန္ဓာကိုယ် ယားယံခြင်း စသည့် ရောဂါ လက္ခဏာများ ဖြစ်ပွားနေလျှင် နားလည် တတ်ကျွမ်းသော နီးစပ်ရာ ဆရာဝန်များနှင့် တိုင်ပင် ဆွေးနွေးပြီး အချိန်မီ ဆေးကုသမှု ခံယူသင့်သည်။

ပြည်သူများ အနေဖြင့် အဆိုပါ အချက်များကို အလေးထား ဂရုစိုက်ကာ မဖြစ်ပွားမီ ကာလများတွင် နေထိုင် စားသောက်မှု တို့ကို သတိတရား လက်ကိုင် ထားပါက ရောဂါ ဖြစ်ပွားမည့် ဘေးမှ ကြိုတင် ကာကွယ် နိုင်သည်။ 

အဆိုပါ ရောဂါသာမက အခြားရောဂါ များကိုပါ အလွယ်တကူ ကာကွယ်နိုင်သော အရာမှာ သန့်ရှင်းသော သောက်သုံးရေ ဖြစ်သည်။ လူတစ်ယောက် ည် တစ်နေ့လျှင် သန့်ရှင်းသော သောက်ရေကို တစ်လီတာ နှင့်အထက် သောက်သုံးလျှင် ရောဂါများကို ကြိုတင် ကာကွယ်ပြီးသား ဖြစ်နိုင်သည်။

သို့ဖြစ်ရာ အများပြည်သူတို့ အနေဖြင့် မိမိတို့ဘဝများ အတွက် အဓိက လိုအပ်ချက်မှာ ကျန်းမာ ကြံ့ခိုင်ပြီး အသက်ရှည်စွာ နေထိုင်နိုင်ရေး ဖြစ်သည်။ ရောဂါဖြစ်ပွားမှ ကုသခြင်းသည် လူမှုဒုက္ခ ကြီးမားလှသည်။ ရောဂါဘယများ မဖြစ်ပွားမီ ကြိုတင် ကာကွယ်နိုင်သော မှန်ကန်သည့် နေထိုင် စားသောက်မှု ပုံစံများကို နေ့စဉ်ကျင့်သုံး လိုက်နာခြင်းဖြင့် အသက်ရှည် ကျန်းမာသော ဘဝများကို ပိုင်ဆိုင်နိုင် စေရန် အလေးထား ဆောင်ရွက်ကြ ရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment