Pages

Thursday, April 23, 2015

APL သင်္ဘောလိုင်းမှ မြန်မာသင်္ဘောသားများ ခေါ်ယူမည်



ရန်ကုန် ၊ ၂၃-၄-၂၀၁၅

အမေရိကန် နိုင်ငံ၏ ကုန်သွယ်မှု အကြီးကျယ်ဆုံး ပြုလုပ်သည့် APL ကုန်တင် သင်္ဘောလိုင်းမှ ၂ဝ၁၅ ခုနှစ် ဇွန်လမှစ၍ ၄င်း သင်္ဘောလိုင်းပိုင် သင်္ဘောများတွင် မြန်မာ သင်္ဘောသား များအား ခေါ်ယူ အသုံးပြုမည် ဖြစ်ကြောင်း APL သင်္ဘောလိုင်း ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

'' APL သင်္ဘောလိုင်းက အမေရိကန် နိုင်ငံမှာ အဆင့် (၃) ရှိတဲ့ ကုန်တင်သင်္ဘော လိုင်းကြီး တစ်ခုပါ။ APL သင်္ဘောလိုင်းက မြန်မာ သင်္ဘောသား တွေကို ခေါ်ယူဖြစ်တဲ့ အဓိက အကြောင်း အရင်းက မြန်မာ သင်္ဘောသားတွေ အနေနဲ့ နိုင်ငံတကာ သင်္ဘောသား ဈေးကွက်မှာ အလုပ် ကြိုးစားပြီး ကျွမ်းကျင်မှု ပြည့်ဝတယ် ဆိုတဲ့ ဂုဏ်သတင်း ထွက်တာကြောင့် မြန်မာ သင်္ဘောသား တွေကို ခေါ်ယူတာပါ'' ဟု APL သင်္ဘောလိုင်း၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

APL သင်္ဘောလိုင်းသည် မြန်မာ သင်္ဘောသား များကို ခေါ်ယူရာတွင် သင်္ဘောသား ဦးရေ ရာနှင့်ချီ၍ ခေါ်ယူ အသုံးပြု သွားမည် ဖြစ်ပြီး မြန်မာ သင်္ဘောသား များကို ခေါ်ယူရာတွင် Deck (ကုန်းပတ်ပိုင်း) နှင့် Engine (စက်ပိုင်း) နှစ်မျိုးစလုံး ပါဝင်ကြောင်း သိရသည်။ မြန်မာ သင်္ဘောသားများ အနေဖြင့် APL သင်္ဘောလိုင်းတွင် အလုပ် လုပ်လိုပါက အွန်လိုင်းမှ တစ်ဆင့်  ၄င်းတို့ http://apl.jobs/ ဝက်ဘ်ဆိုက်တွင် ကိုယ်ရေး ရာဇဝင် ဖြည့်စွက်ကာ အလုပ်လျှောက် ရမည်ဖြစ်ပြီး အနိမ့်ဆုံး လစာ အမေရိကန် ဒေါ်လာ ၁၂ဝဝ မှ အမြင့်ဆုံး လစာ အမေရိကန် ဒေါ်လာ ၂ဝဝဝဝ အထိ ဖြစ်ကြောင်း သိရသည်။

မြန်မာ သင်္ဘောသားများ အနေဖြင့် ၄င်းသင်္ဘော လိုင်းတွင် နှစ်ရှည် အလုပ်လုပ်ပါက ပင်စင်လစာများ အထိ ရရှိသွားမည် ဖြစ်ကြောင်း သိရသည်။ APL သင်္ဘောလိုင်းသည် အမေရိကန် နိုင်ငံရှိ မြို့များမှ ထွက်သည့် ကုန်ပစ္စည်း များကို ကမ္ဘာ့ နိုင်ငံ အနှံ့အပြားသို့ ပို့ဆောင်ဖြန့်ချိ ပေးနေသည့် သင်္ဘောလိုင်းကြီး တစ်ခုဖြစ်သည်။ APL သင်္ဘောလိုင်းတွင် ယခင်က အမေရိကန်နှင့် ဖိလစ်ပိုင်လူမျိုး သင်္ဘောသားများ ကိုပါ ခေါ်ယူ အသုံးပြုခဲ့ပြီး လက်ရှိ အချိန်တွင် မြန်မာ သင်္ဘောသားများ ကိုပါ ခေါ်ယူသွားမည် ဖြစ်သည်။

အလားတူ ဂရိ သင်္ဘောလိုင်း တချို့မှလည်း မြန်မာ သင်္ဘောသား များကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။

မင်းသော်တာလွင်

#Themyawadydaily

No comments:

Post a Comment