Pages

Friday, April 3, 2015

အရန်သားဖွားအသစ်များ မွေးထုတ်ရာတွင် 3MDG မှ ပံ့ပိုးကူညီမည်



ရန်ကုန် ၊ ၃-၄-၂၀၁၅

ပြည်တွင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက် နိုင်စေရန် အရန်သားဖွား အသစ်များ အရေအတွက် အများအပြား မွေးထုတ်ရန် နိုင်ငံတော်မှ စီစဉ် ဆောင်ရွက်လျက် ရှိရာ ထောင်စုနှစ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက် သုံးမျိုး ရန်ပုံငွေအဖွဲ့ (3MDG) မှ ပံ့ပိုးကူညီ သွားမည် ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံးရှိ ကျေးရွာတိုင်း၌ သက်ဆိုင်ရာမှ စနစ်တကျ လေ့ကျင့် ပေးထားသော အရန် သားဖွားများ အနည်းဆုံး တစ်ဦးစီ ထားရှိနိုင် စေရန် ရည်ရွယ်ချက်ဖြင့် အရန်သားဖွား အသစ် အယောက် တစ်သောင်းအထိ သင်တန်းပေး မွေးထုတ်ရန် စီမံချက်ချမှတ် ဆောင်ရွက်လျက်ရှိရာ 3MDG အဖွဲ့မှလည်း အရန်သားဖွား အသစ် ၅၅ဝဝ ခန့်ကို မွေး ထုတ်ရာတွင် လိုအပ်သော နည်းပညာ၊ ငွေကြေးနှင့် အထောက်အပံ့ ပစ္စည်းများ ပံ့ပိုး ကူညီသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။

သက်ဆိုင်ရာမှ စနစ်တကျ သင်ကြားပို့ချပြီး တာဝန်ပေး ခန့်အပ်မည့် အဆိုပါ အရန်သားဖွား အသစ်များသည် သားဖွား ဆရာမ မရှိသေးသော ကျေးလက်ဒေသ များ၌ မီးတွင်းမှ မိခင်လောင်း များကို စနစ်တကျ ကလေးမွေး ပေးနိုင်မည့်အပြင် မွေးကင်းစ ကလေးငယ်များ၊ မွေးဖွားပြီး မိခင်လောင်း များကို ကျန်းမာရေး စောင့်ရှောက် ရာတွင် အကူအညီ အထောက်အပံ့များ ထိရောက်စွာ ပေးနိုင်မည် ဖြစ်သည်။

ထို့အပြင် ကိုယ်ဝန်ဆောင် မိခင်လောင်း များနှင့် ၄င်း၏ မိသားစုဝင် များကို ကျန်းမာရေး ဆိုင်ရာ ဗဟုသုတများ ဆောင်ရန် ရှောင်ရန် အချက်အလက်များ မျှဝေပေးမည့် အပြင် မွေးဖွားခြင်း၊ သားဆက်ခြားခြင်း၊ သေဆုံးခြင်း စသည်တို့နှင့် ပတ်သက်သော မှတ်တမ်း မှတ်ရာ အချက်အလက် များကိုလည်း စာရင်းကောက်ယူ ကြမည် ဖြစ်ကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily

No comments:

Post a Comment