Pages

Monday, March 9, 2015

၂၀၁၅ ခုနှစ် အကောင်းဆုံး အာရှခရီးစဉ်တွင် မြိတ်ကျွန်းစုဒေသ ကို ကမ္ဘာကျော် National Geographic Traveler မဂ္ဂဇင်းက ရွေးချယ်


Island and seashore near Kawthaung Township.

ရန်ကုန် ၊ ၉-၃-၂၀၁၅

ကမ္ဘာကျော် National Geographic Traveler မဂ္ဂဇင်းက ၂ဝ၁၅ ခုနှစ်အတွက် ရွေးချယ်ထားသည့် အကောင်းဆုံး အာရှ ခရီးစဉ်များတွင် မြန်မာနိုင်ငံ မြိတ်ကျွန်းစု ဒေသ ပါဝင်ကြောင်း အဆိုပါ မဂ္ဂဇင်း ၏ ထုတ်ပြန်ချက် အရ သိရသည်။

National Geographic Traveler မဂ္ဂဇင်းသည် နှစ်စဉ်ကမ္ဘာ တစ်ဝန်းရှိ ခရီးသွားလာ လည်ပတ်ရန် ကောင်းမွန်သည့် ဒေသများကို ရွေးချယ်လမ်းညွှန် ပေးလျက်ရှိသည့် နာမည်ကြီး မဂ္ဂဇင်းလည်း ဖြစ်ပြီး ယခုနှစ်အတွက် ကမ္ဘာတစ်ဝန်းရှိ ဒေသ ၂၁ ခုကို ရွေးချယ်ထားရာ မြန်မာနိုင်ငံ မြိတ်ကျွန်းစု ဒေသသည် ကမ္ဘာလှည့် ခရီးသွားများ သွားရောက်ရန် ကောင်းမွန်သည့် ဒေသ တစ်ခုအဖြစ် ရွေးချယ် တင်ပြထားသည်။

မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတိုင်း ဒေသကြီးရှိ မြိတ်ကျွန်းစု နှင့် ကော့သောင်း ဒေသများသည် ကမ္ဘာလှည့် ခရီးသွားများ အတွက် သဘာဝ ကျွန်းစုများသို့ သွားရောက် လည်ပတ်နိုင်ခြင်း၊ အပျော်စီး ရွက်လှေ ခရီးစဉ်များ ရှိခြင်း၊ မြိတ်ကျွန်းစု များတွင် နေထိုင်သည့် ဆလုံလူမျိုး များ၏ ဘဝ နေထိုင်မှုပုံစံကို လေ့လာနိုင်ခြင်း၊ မြိတ်ကျွန်းစု များရှိ သန္တာကျောက်တန်း များကို လေ့လာနိုင်ခြင်း တို့ကြောင့် ကမ္ဘာလှည့် ခရီးသွားများ အဓိက စိတ်ဝင်တစား သွားရောက် လည်ပတ် နိုင်သည့် ခရီးစဉ်ဒေသ အဖြစ် National Geographic Traveler က မှတ်ချက် ပြုထားပြီး အကောင်းဆုံး သွားရောက် လည်ပတ်နိုင်သည့် ကာလသည် မတ်လနှင့် ဧပြီလ ဖြစ်သည်ဟုလည်း အကြံပြု ထားသည်။

National Geographic Traveler က ရွေးချယ်ထားသည့် ခရီးစဉ်ဒေသ များအဖြစ် အာရှတိုက် နိုင်ငံများတွင် မြန်မာ၊ ထိုင်ဝမ်၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံ တို့မှ ဒေသများ ပါဝင်ပြီး ကိုလံဘီယာ၊ ပီရူး၊ ရိုမေးနီးယား၊ တူနီးရှား၊ ဂျမေကာ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ အာဂျင်တီးနား၊ သြစတြေးလျ၊ အမေရိကန် စသည့်နိုင်ငံ များမှ ဒေသများလည်း ပါဝင်ကြောင်း သိရသည်။

Myeik Archipelago in National Geographic ‘Best Trips 2015’

အိအိအောင်

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment