Pages

Tuesday, March 24, 2015

ကင်ဆာရောဂါကု ဆေးရုံသစ် တည်ဆောက်ရန် ထိုင်ဝမ်နှင့် ညှိနှိုင်းလျက်ရှိ


ရန်ကုန် ၊ ၂၄-၃-၂၀၁၅

အခြေခံ အလုပ်သမားများ ခေတ်မီကုထုံး များဖြင့် ဆေးကုသမှု ခံယူနိုင်ရန် လူမှုဖူလုံရေး အဖွဲ့မှ ကင်ဆာရောဂါကု ဆေးရုံသစ်ကို တည်ထောင်နိုင်ရန် ထိုင်ဝမ်နှင့် ညှိနှိုင်းလျက် ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ သိရသည်။

အဆိုပါ ကင်ဆာရောဂါကု ဆေးရုံသစ်ကို တည်ထောင်ရန် ထိုင်ဝမ်နှင့် ညှိနှိုင်းလျက် ရှိပြီး ဆေးရုံ တည်ဆောက်မည့် နေရာကို ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

ဆေးရုံသစ် တည်ဆောက် ပြီးစီးပါက ၅ဝ ရာခိုင်နှုန်းကို ဆေးရုံဘက်မှ လျှော့ပေးပြီး ၅ဝ ရာခိုင်နှုန်းကို လူမှုဖူလုံရေး အဖွဲ့ဘက်မှ ကျခံပေးလျှင် အလုပ်သမားများ အခမဲ့ ဆေးကုသခွင့် ရရှိမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အာမခံ အလုပ်သမားများ လိုအပ်လျက် ရှိသော ကျန်းမာရေး စောင့်ရှောက်မှု များကို ခံယူရန် ရန်ကုန်တိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် နေပြည်တော် တို့တွင် ရွေ့လျား ဆေးကုသယာဉ် များဖြင့် ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလမှ ဒီဇင်ဘာလ အထိ စက်ရုံ အလုပ်ရုံ အရောက် ကွင်းဆင်း ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများနှင့် ဆေးကုသမှု များကို ပြုလုပ်ပေး ခဲ့ရာ အလုပ်သမားပေါင်း ၄၃၅၉၄ ဦးအတွက်ငွေကျပ် ၅ဝဝ ဒသမ ၉၇ဝ သန်း အကုန်အကျခံ၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အလုပ်သမား များ၏ ကျန်းမာရေး၊ မီးဖွားမှု၊ သေဆုံးမှုနှင့် လုပ်ငန်းခွင် အတွင်း ထိခိုက်မှုတို့ အတွက် ဆေးဖိုး ပြန်အမ်းငွေ အဖြစ် လူမှုဖူလုံရေးဥပဒေသစ် စတင်ကျင့်သုံးပြီး ၂ဝ၁၄ ခုနှစ်မှ ယခုနှစ် ဇန်နဝါရီလအထိ ဥပဒေနှင့်အညီ ခွင့်ပြု အကျိုးခံစားခွင့် စုစုပေါင်း ၁ဝ လအတွင်း အမှုတွဲပေါင်း ၆၉၁၃၆၈ ဦးအတွက် ငွေကျပ် ၁၃ဝ၅ ဒသမ ဝ၈၇ သန်းကို ခွင့်ပြုပေးခဲ့ပြီး သေဆုံးသူများ အတွက် နာရေးစရိတ် နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်များ အတွက် ငွေကျပ် ၁၇၆ ဒသမ ၁၉၆ သန်းကို ခွင့်ပြု ထုတ်ပေး ခဲ့ကြောင်း သိရသည်။

နေနေ

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment