Pages

Thursday, March 26, 2015

မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံနေရသော တရားမ၀င် မြန်မာအလုပ်သမားများအား တပ်မတော်(ရေ) မှ စစ်ရေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်


မြန်မာ့တပ်မတော် (ရေ) မှ စစ်ရေယာဉ် မဟာသီဟသူရ ဖြင့် ပြန်လည် ခေါ်ဆောင်မည့် မြန်မာ အလုပ်သမား များကိုတွေ့ရစဉ်



နေပြည်တော် ၊ ၂၆-၃-၂၀၁၅

မြန်မာ့ တပ်မတော်(ရေ) မှ စစ်ရေယာဉ် မဟာသီဟသူရ သည် မလေးရှားနိုင်ငံ၊ လန်ကာဝီကျွန်း ၌ မတ် ၁၇ ရက်မှ ၂၁ ရက်ထိ ကျင်းပ ပြုလုပ်သည့် Langkawi International Maritime and Aerospace Exhibition 2015 (LIMA-2015) ပြပွဲသို့ တက်ရောက်ခဲ့ပြီး ယမန်နေ့တွင် မလေးရှား နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာသည်။

အဆိုပါ စစ်ရေယာဉ်သည် မလေးရှား နိုင်ငံတွင် တရားမဝင် ရောက်ရှိနေသော မြန်မာ အလုပ်သမား ၁ဝ၂ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင် လာခဲ့ကြောင်း သိရှိသည်။

တပ်မတော်(ရေ) မှ စစ်ရေယာဉ်နှင့် အတူ ပြန်လည် လိုက်ပါလာသော မြန်မာ အလုပ်သမား များသည် မလေးရှား နိုင်ငံသို့ တရားမဝင် လမ်းကြောင်း များမှ သွားရောက်ခဲ့ပြီး မလေးရှား အစိုးရ၏ စီမံချက်ဖြင့် ဖမ်းဆီးရာတွင် အဖမ်းခံရ၍ ထိန်းသိမ်းရေး စခန်းများတွင် ထိန်းသိမ်းခံ နေရသူများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သို့ ပြန်ရန်အတွက် မည်သူ ဖြစ်ကြောင်း သက်သေခံ လက်မှတ် ( C of I ) ထုတ်ယူ ရရှိထားပြီး နေရပ်ပြန်ရန် အခက်အခဲ ကြုံတွေ့နေရသူများ ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲများ ကြုံတွေ့ နေရသည့် မြန်မာ အလုပ်သမား များကိုကူညီ ဆောင်ရွက် ပေးနိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာန များမှတစ်ဆင့် ဆက်သွယ်ညှိနှိုင်း လာခဲ့ရာ မိခင်နိုင်ငံသို့ ပြန်ရန် ကြိုးစားနေသည့် မြန်မာ အလုပ်သမား များအား စာနာ ထောက်ထားစွာ ကူညီပံ့ပိုး ပေးသည့် အနေဖြင့် စစ်ရေယာဉ် မဟာသီဟသူရ အပြန်ခရီးတွင် ခေါ်ဆောင် လာခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မြန်မာ့ တပ်မတော် စစ်ရေယာဉ်နှင့် အတူ လိုက်ပါလာသော အလုပ်သမား များကို အဆင်ပြေ ချောမွေ့စွာဖြင့် ၄င်းတို့၏ မိသားစုများနှင့် ပြန်လည် တွေ့ဆုံနိုင်ရန် အတွက် လမ်းခရီး တစ်လျှောက် စားသောက် နေထိုင်ရေးနှင့် လိုအပ်သော ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ် များကို စစ်ရေယာဉ် ပေါ်တွင် တာဝန် ထမ်းဆောင်နေသည့် တပ်မတော်သား များက ကူညီ ဆောင်ရွက် ပေးလျက် ရှိကြောင်းနှင့် မတ် ၂၉ ရက် တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း သိရှိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment