Pages

Thursday, March 26, 2015

ရာသီဥတုပြောင်းလဲမှုနှင့် ယနေ့လူငယ်


ရာသီဥတုပြောင်းလဲမှုနှင့် ယနေ့လူငယ်

ကမ္ဘာပေါ်တွင် လူငယ်လူရွယ် ဦးရေ တစ်ဘီလီယံ ၏ ၈၅ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် နေထိုင်ကြ သူများ ဖြစ်သည်။ ယနေ့ လူငယ်များသည် ပိုမိုကျန်းမာ လာကြပြီး ပညာ အရည်အချင်း နှင့် လုပ်ရည်ကိုင်ရည် များလည်း ပိုမိုတိုးတက် လာသည်ကို တွေ့ရသည်။

ထို့ပြင် ကမ္ဘာကြီးနှင့် လူငယ်တို့၏ ပတ်ဝန်းကျင် ပိုမိုထိတွေ့ ဆက်သွယ် နိုင်စွမ်းများ ရရှိနေချိန် ဖြစ်သော်လည်း လူငယ် အများစုမှာ ဆင်းရဲမှု၊ ခွဲခြားဆက်ဆံ ခံရမှု၊ မမျှတမှုနှင့် ခေါင်းပုံဖြတ် ခံရမှု တို့ကြောင့် ပညာရေး၊ ကျန်းမာရေး၊ အခြားသော အခြေခံ လိုအပ်ချက်များ ရရှိရန် အတွက် ခက်ခက်ခဲခဲ ရုန်းကန် နေကြရသည်။

အဆိုပါ အခက်အခဲ များသည် ယနေ့ လူငယ်တို့ နေ့စဉ်ကြိုးစား ရင်ဆိုင် နေရသည့် စိန်ခေါ်မှုများကို ပိုမိုကြီးမား စေခဲ့သည့် အစွန်းရောက် မိုးလေဝသ ဖြစ်စဉ်များနှင့် ရာသီဥတု ပြောင်းလဲမှု တို့ကြောင့် ဖြစ်သည်။ ထို အခက်အခဲ များသည် အနာဂတ် ကာလ ၁ဝ စုနှစ်များ တွင်လည်း ပိုမို သက်ရောက် နိုင်ဖွယ် ရှိကြောင်း လေ့လာ သိရှိရသည်။

ကမ္ဘာ့ လေထုကြီးနှင့် ပင်လယ်၊ သမုဒ္ဒရာ အပူချိန်များ ဆက်လက် မြင့်တက် လာနေခြင်း၊ ကမ္ဘာ့ အအေးပိုင်း ဒေသများရှိ ရေခဲတောင်များ၊ ရေခဲထုကြီးများ တဖြည်းဖြည်း လျော့နည်း လာနေခြင်း၊ ပင်လယ်ရေ မျက်နှာပြင် မြင့်တက် လာနေခြင်း၊ အစွန်းရောက် မိုးလေဝသ နှင့် ဆိုးရွားသည့် ရာသီဥတုများ ဖြစ်ပေါ်မှု ပိုမို များလာခြင်း တို့ကို ကြုံတွေ့ နေရသည်။

ယနေ့ ကမ္ဘာပေါ်ရှိ လူငယ်များသည် ဖော်ပြပါ အခက်အခဲ များကို ပြောင်းလဲ စေမည့် အရေးပါသော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်သည်။ လူငယ်လူရွယ် များသည် စိန်ခေါ်မှု ပြဿနာများ အပေါ် ဖြေရှင်းဆုံးဖြတ် ကြရာတွင် တီထွင် ဖန်တီးမှု အသစ်များ၊ ဖျတ်လတ် တက်ကြွ သည့် အတွေးအခေါ် များဖြင့် မျှမျှတတ ဆောင်ရွက် နိုင်ကြမည့် သူများ ဖြစ်သည်။

အနာဂတ်တွင် ပြောင်းလဲ ဖြစ်ပေါ်လာမည့် ရာသီဥတုနှင့် မိုးလေဝသ အခြေအနေများ အပေါ် ကြိုတင် ပြင်ဆင်ရေးတွင် လူငယ်၊ လူရွယ်များ အနေဖြင့် ယနေ့ ဖြစ်ပေါ်နေသည့် မိုးလေဝသနှင့် ရာသီဥတု အခြေအနေများ အပေါ် လေ့လာ စောင့်ကြည့်ခြင်း၊ နားလည် သဘောပေါက်ခြင်း နှင့် လိုက်လျော ညီထွေ တုံ့ပြန်ခြင်း လုပ်ငန်းများတွင် အဓိက အခန်းကဏ္ဍမှ တက်တက် ကြွကြွ ပါဝင်နိုင် ကြရမည် ဖြစ်သည်။

ထို့ပြင် လူငယ်၊ လူရွယ် များသည် ရာသီဥတု အခြေအနေများ အပေါ် အလေးထား သတိရှိမှု၊ ရာသီဥတု ပြောင်းလဲမှုကြောင့် ထိခိုက်မှု လျော့ပါး စေရေးနှင့် လိုက်လျော ညီထွေ ပြုမူရေး လုပ်ငန်းများ တိုးတက်ရန် အတွက် စွမ်းဆောင်ရည်များ ကိုယ်စီရှိကြ ရမည် ဖြစ်သည်။ ယနေ့ လူငယ်လူရွယ် တို့၏ ပြည့်ဝသော စွမ်းအားစု ကိုလည်း လက်ရှိကာလ နှင့် အနာဂတ် ကာလများတွင် ဖြစ်ပေါ်နိုင်သည့် အကျိုးဆက်များ အတွက် မူဝါဒများ ချမှတ် အကောင် အထည်ဖော်ခြင်း ကဲ့သို့သော လုပ်ငန်းစဉ် များတွင် ပါဝင် ဆောင်ရွက်ခွင့် ပြုရန် လိုမည် ဖြစ်သည်။

သို့ဖြစ်ရာ အနာဂတ် ကမ္ဘာကြီးကို သာယာ စိုပြည်ရေး ကြိုးပမ်း ဆောင်ရွက်ကြ ရာတွင် ယနေ့ လူငယ်လူရွယ် များသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ရမည် ဖြစ်၍ လက်ရှိ ဖြစ်ပေါ် ပြောင်းလဲနေသော မိုးလေဝသ အခြေအနေများ၊ မကြာခဏ ကြုံတွေ့ ရတတ်သည့် သဘာဝ ဘေးအန္တရာယ်များ အပူလွန်ကဲ လာမည့် အနာဂတ် ကမ္ဘာ့ ရာသီဥတုနှင့် လိုက်လျော ညီထွေ ပြုပြင်ဖန်တီး နေထိုင်ရေး အတွက် တက်ကြွသော အားမာန် အပြည့်ဖြင့် ပါဝင်ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment