Pages

Tuesday, March 3, 2015

တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း ယာဉ်ကြောကျပ်တည်းမှု မဖြစ်စေရေး စီမံချက်ရေးဆွဲ လုပ်ဆောင်မည်



ရန်ကုန် ၊ ၃-၃-၂၀၁၅

ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ကာလအတွင်း ယာဉ်ကြော ကျပ်တည်းမှု မဖြစ်စေရေး အတွက် စီမံချက်ရေးဆွဲ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံး မှ ဒုတိယ ရဲမှူးကြီး လင်းထွဋ် ၏ ပြောကြားချက် အရ သိရသည်။

တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုသည့် ရက်များအတွင်း ယာဉ်ကြော ကျပ်တည်းမှုနှင့် ယာဉ်အန္တရာယ် မဖြစ်စေရန် စာစစ်ဌာန များနှင့် စာမေးပွဲ ဖြေဆိုမည့် အထက်တန်း ကျောင်းများ၌ စီမံချက်များ ရေးဆွဲကာ ယာဉ်ထိန်းရဲ အင်အားများ တိုးချဲ့ပြီး လမ်းရှင်းလင်းခြင်း ဆောင်ရွက်မှု များကို ပြီးခဲ့သည့် နှစ်အတွင်းက ဆောင်ရွက်မှု အတိုင်း ယခုနှစ် တွင်လည်း လုပ်ဆောင်သွားမည် ဖြစ်ပြီး ယခုနှစ်တွင် ယာဉ်ထိန်းရဲအင်အား ပိုမို အသုံးပြု သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အဓိက လမ်းမကြီး များနှင့် နီးသော ကျောင်းမျာ အနီးတွင် ယာဉ်ထိန်းရဲ အင်အား လုံလောက်စွာ ချထားပေးမည် ဖြစ်ပြီး ယာဉ်ကြော ပိတ်ဆို့မှုများကြောင့် စာမေးပွဲ ဖြေဆိုခွင့် မရရှိလိုက်သည့် ဖြစ်စဉ်မျိုး မဖြစ်စေရန် အထူးလုပ်ဆောင် သွားမည် ဖြစ်သည်။

အဓိကအားဖြင့် ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့၌ ယာဉ်ကြော ကျပ်တည်းမှု များသည် နေ့စဉ် ဖြစ်ပေါ်လျက် ရှိပြီး လက်ရှိတွင် ခုံးကျော်တံတားများ တည်ဆောက်ကာ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်း နေသော်လည်း ပြေလည်ခြင်း မရှိ သေးကြောင်း၊ ယင်းအတွက် စာမေးပွဲကာလ အတွင်း အထူးစီမံချက် အဖြစ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း အစိုးရ စာသင်ကျောင်းပေါင်း ၂၇၂၈ ကျောင်းရှိပြီး ယင်း ကျောင်းများ အနက်မှ စာစစ်ဌာန ပါဝင်သော ကျောင်းများတွင် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် အင်အားများ တိုးချဲ့ချထား ပေးမည် ဖြစ်ကြောင်း၊ မတ် ၁၁ ရက်မှ စတင်၍ တက္ကသိုလ်ဝင် စာမေးပွဲများအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပတော့မည် ဖြစ်ပြီး စာမေးပွဲ ကျင်းပချိန် ကာလများအတွင်း ယာဉ်ကြော ရှင်းလင်းခြင်း များကို ပုံမှန်အချိန်ထက် တိုးမြှင့်ရှင်းလင်း ပေးမည် ဖြစ်ကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment