Pages

Friday, March 6, 2015

နိုင်ငံတကာခရီးသွားများ စိတ်ဝင်စားမှု မြင့်တက်လာသည့် ဆလုံလူမျိုးတို့၏ မြိတ်ကျွန်းစု



ကော့သောင်း ၊ ၆-၃-၂၀၁၅

National Geographic Traveler အဖွဲ့၏ သုတေသန ပြုချက်များအရ တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ မြိတ်ကျွန်းစုသည် ၂ဝ၁၅ ခုနှစ် အကောင်းဆုံး ခရီးစဉ် ( Best Trip 2015 ) တွင် အဆင့် (၁၁)နေရာ၌ ရပ်တည်နေသော ဒေသတစ်ခု ဖြစ်ပြီး နိုင်ငံတကာ ခရီးသွားများ စိတ်ဝင်စားမှု မြင့်တက်လာသည့် ဒေသတစ်ခု ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။

မြိတ်ကျွန်းစု ဒေသသည် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဆိုင်ရာ အခြေခံ အဆောက်အအုံ များနှင့် ပြည့်စုံနေပြီး ခရီးသွားများ အနေဖြင့် ရန်ကုန်မှတစ်ဆင့် လေကြောင်း ခရီးစဉ် ဖြင့်လည်းကောင်း၊ ရနောင်း- ကော့သောင်း ဝင်ပေါက်မှ စက်တပ်ရွက်လှေ ခရီးစဉ်များဖြင့် လည်းကောင်း လာရောက်ခြင်း တို့ကြောင့် ခရီးသွား ဝင်ရောက်မှုမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုမြင့်တက် လာကြောင်း သိရသည်။

အဆိုပါ မြိတ်ကျွန်းစု ၌ ပင်လယ်ရေအောက် သန္တာကျောက်တန်း များနှင့် ရေသတ္တဝါ များကို လေ့လာနိုင်မည် ဖြစ်ပြီး ဆလုံလူမျိုး တို့၏ ထူးခြားသော လူနေမှုဘဝ များကို လေ့လာနိုင်မည် ဖြစ်သည်။

၂ဝ၁၅ ခုနှစ် နှစ်ဦးပိုင်း ကောက်ယူ ထားသည့် စာရင်းများအရ မြိတ်ကျွန်းစုနှင့် ကော့သောင်း ခရိုင်အတွင်းရှိ ကျွန်းများပေါ်၌ ဆလုံလူမျိုး ၇၃၇ ဦး နေထိုင်ကြပြီး ၄င်းတို့၏ အသက်မွေး ဝမ်းကျောင်း နေထိုင်မှု ပုံစံသည် ပြည်တွင်းပြည်ပ ခရီးသွားများ အတွက် ဆွဲဆောင်မှု တစ်ရပ်ပင် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကော့သောင်းခရိုင် အတွင်းရှိ ဘုရင့်နောင်အငူ၊ ဘုရင့်နောင် ရုပ်တုပန်းခြံ၊ မွေတော်ကျွန်း၊ မြို့မတံတား၊ ပြည်တော်အေးဘုရား၊ ငါးသုံးလုံး တောင်တော်၊ ရွှေပြည်သာ အာနန္ဒာ စေတီတော် နှင့်ပြတိုက်၊ ပုလုံးတုံးတုံး ကမ်းခြေနှင့် တံတား၊ မလိဝမ် ရေတံခွန်နှင့် ရေပူတွင်း၊ (၃) မိုင်မြို့အဝင် စသည့် နေရာများ ကို အများဆုံး လည်ပတ်ကြကြောင်း ခရီးသွား လုပ်ငန်းများမှ သိရသည်။

အဆိုပါ ဒေသ၌ အမြဲစိမ်းတော အမျိုးအစား ၁၉၅ မျိုး၊ ဒီရေတောနှင့် သဲခုံတော သဘာဝပေါက်ပင် အမျိုးအစား ၆၃ မျိုး၊ သန္တာကျောက်တန်း မျိုးစိတ်ပေါင်း ၅၁၈ မျိုး၊ ကနုကမာ မျိုးစိတ် ကိုးမျိုး၊ ငါးမျိုးစိတ် ၄၂ မျိုး၊ ငှက်မျိုးစိတ် ၂၂၈ မျိုး၊ နို့တိုက်သတ္တဝါ ၁၉မျိုး နှင့် ကုန်းနေ၊ ရေနေ သွေးနွေး၊ သွေးအေး သတ္တဝါ မျိုးစိတ်ပေါင်းများစွာ ကျက်စားပြီး ကမ္ဘာပေါ်၌ အနည်းအကျဉ်း မျှသာ ကျန်ရှိတော့သည့် သဘာဝအတိုင်း မပျက်သေးသော ကျွန်းများနှင့် တောင်တန်းများ ရှိရာဒေသ တစ်ခုဖြစ်ကြောင်း လေ့လ သုတေသနပြု သူများက ပြောသည်။

မြိတ်ကျွန်းစုသည် ကျွန်းကြီး၊ ကျွန်းငယ်ပေါင်း ၈ဝဝ ကျော်ဖြင့် ဖွဲ့စည်းထားပြီး အောက်ချင်းငှက်များ ကျက်စားရာ ဒေသ တစ်ခုလည်း ဖြစ်ကာ ထိုင်းနိုင်ငံ ရနောင်းမြို့မှ ပဲ့ချိတ်စက် လှေငယ်ဖြင့် လာရောက် လည်ပတ်မည် ဆိုပါက မိနစ် ၄ဝ ခန့်သာ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်၊ ထားဝယ်၊ မြိတ် တို့မှ လေကြောင်း နှင့် မော်တော်ယာဉ် ခရီးစဉ်များဖြင့် သွားရောက် လည်ပတ်နိုင်ပြီး အောက်တိုဘာလ နှင့် မေလ တို့တွင် ထားဝယ်နှင့် မြိတ်တို့မှ အမြန်ရေယာဉ် ခရီးစဉ်များဖြင့် သွားရောက် နိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ သိရသည်။

အေဒီမိုး

#Themyawadydaily
#မြဝတီနေ့စဉ်

No comments:

Post a Comment