Pages

Friday, March 20, 2015

ယမကာထုတ်လုပ် ရောင်းချမှု လျှော့ချ


ယမကာထုတ်လုပ် ရောင်းချမှု လျှော့ချ

ပွင့်လင်းရာသီ ရောက်ရှိ လာချိန်တွင် မြန်မာပြည် အနှံ့အပြား၌ ဘုရားပွဲတော်များ၊ အလှူပွဲများ ကျင်းပကြသည်။ တပေါင်းလ အကုန်၊ တန်ခူးလ အပြောင်း နှစ်သစ်ကူး နီးလာချိန်တို့၌ ကျောင်းများလည်း ပိတ်၍ ပြည်တွင်း၌ ခရီးသွားလာမှု များသည့် ကာလများဟု ဆိုနိုင်သည်။

နွေရာသီ ကျောင်းပိတ်ချိန် နေရပ်ဒေသသို့ ပြန်ကြချိန်၊ အားလပ်ရက် များ၌ ဘုရားပွဲများ၊ အလှူမင်္ဂလာ ပွဲများသို့ ဆွေပြမျိုးပြ ပျော်ပျော်ပါးပါး သွားလာကြသည့် မြင်ကွင်းမှာ ကြည်နူးစရာ ဖြစ်သည်။ ထိုသို့ သွားလာမှု များသောကြောင့် သွားလာရေးတွင် ယာဉ်ကြော ပိတ်ဆို့မှုများ၊ ယာဉ်မတော်တဆ ဖြစ်မှုများ ဖြစ်ပွားလေ့ ရှိသည်ကို တွေ့ရသည်။

ထို့ပြင် ဘုရားပွဲတော်ကို အမှီပြု၍ ဝိသမ လောဘသမား တို့က အရက်သေစာ ရောင်းချမှုကို စီးပွားဖြစ် လုပ်ကိုင် လာကြရာ လူငယ်များ အရက်သေစာကို စမ်းသပ် သောက်သုံးရာမှ ရန်ပွဲများ၊ မတော်တဆ မှုများ ဖြစ်ပွားကာ ပွဲတော်အလှကို ယုတ်လျော့ စေသည်ကို တွေ့မြင်ကြားသိ နေရသည်။

မကြာမီ မြန်မာတို့၏ နှစ်သစ်ကူး သင်္ကြန်ပွဲတော် ရောက်ရှိတော့မည် ဖြစ်၍ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ် နေကြသည်ကို ကြားသိတွေ့မြင် နေရသည်။ သင်္ကြန် ရေပက်ခံ ကားများ ငှားရမ်းခြင်း၊ သင်္ကြန် မဏ္ဍပ်များ ဆောက်လုပ် နေခြင်း၊ စတုဒိသာ အကျွေးအမွေးများ အတွက် စီစဉ်ခြင်း များကို ကြားသိနေ ရသည်။ ထို့အတူ အဖျော်ယမကာ အရက်သေစာ ဆိုင်များ ဖွင့်ရန် ပြင်ဆင် နေမှုကိုလည်း ကြားနေရသည်။

ထိုအချိန်၌ ယခုနှစ် မန္တလေး သင်္ကြန်ကာလ တွင် အရက်သေစာ ရောင်းချသည့် ဆိုင်များ သင်္ကြန်မဏ္ဍပ်နှင့် အနီးအနား၌ မဖွင့်လှစ်ရန်၊ ဖွင့်လှစ်ပါက ဥပဒေနှင့် အညီ အရေးယူ သွားမည်ဟူသော ထုတ်ပြန် ကြေညာချက် သည် နှစ်သက်ဖွယ် မင်္ဂလာသတင်း ဖြစ်သည်။ ထိုသို့ တင်းကျပ်သည့် စည်းကမ်း ဥပဒေများဖြင့် ထုတ်ပြန် ကြေညာ တားမြစ် သကဲ့သို့ စည်းကမ်း မလိုက်နာပါက ဥပဒေ မလေးစားသည့် ဝိသမ လောဘသမား များကို ထိရောက်စွာ အရေးယူ သွားရန် လိုသည်။

မြန်မာနိုင်ငံ အနှံ့အပြား၌ အနာဂတ် လူငယ်တို့ အတွက် မြန်မာ့ ယဉ်ကျေးမှုနှင့် မလျော်ညီသော မသင့်လျော်သော အရက်သေစာ ယမကာဆိုင်များ တိုးပွား လာမှုကို စနစ်တကျ တင်းကျပ်စွာ ထိန်းချုပ် သွားရမည် ဖြစ်သည်။ 

ထိုသို့ မဟုတ်ပါက အမှိုက်ကစ ပြာသာဒ်မီးလောင် ဆိုသကဲ့သို့ အရက်သေစာမှ မူးယစ်ရမ်းကား မှုများ၊ ပြစ်မှုများ ကျူးလွန်လာ၍ ရပ်ရွာ အေးချမ်းသာယာ မှုကို ပျက်ပြား စေနိုင်သောကြောင့် ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံနှင့် အဝန်း နှစ်သစ်ကူး သင်္ကြန်ကာလ၌ အရက်သေစာ ယမကာ ရောင်းချမှုကို စည်းကမ်းတကျ ကြပ်မတ် ဆောင်ရွက် နေသကဲ့သို့ နေ့စဉ် လူမှုဘဝ၌လည်း အရက်ယမကာ ရောင်းချမှု၊ ထုတ်လုပ်မှု တို့ကိုလည်း လျှော့ချ သွားနိုင်ရန် စည်းကမ်း ဥပဒေများ ထုတ်ပြန်၍ ကြိုးပမ်း သွားကြရန် လိုအပ်ကြောင်း အသိပေး ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment