Pages

Tuesday, March 31, 2015

တက္ကသိုလ်များဆေးရုံ (ရန်ကုန်)၌ ကျန်းမာရေး စောင့်ရှောက်ခြင်း ၀န်ဆောင်မှုများကို အဆင့်မြှင့်တင် ဆောင်ရွက်မည်


ရန်ကုန် ၊ ၃၁-၃-၂၀၁၅

ရန်ကုန်တိုင်း ဒေသကြီး ကမာရွတ် မြို့နယ်တွင် ဖွင့်လှစ်ထားသော တက္ကသိုလ်များ ဆေးရုံ၌ ကျန်းမာရေး စောင့်ရှောက်ခြင်း ဝန်ဆောင်မှု လုပ်ငန်းများ အဆင့်မြှင့်တင် နိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း အဆင့်မြင့် ပညာ ဦးစီးဌာန(အောက်မြန်မာပြည်) မှ သိရသည်။

ထိုသို့ အဆင့်မြှင့်တင် ဆောင်ရွက် ရာတွင် ခုတင် ၁ဝဝ ဆံ့ ဆေးရုံများ စံနှုန်းအတိုင်း ဝန်ဆောင်မှု လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်ခြင်း၊ ဆေးပစ္စည်း၊ ဆေးဝါးနှင့် ဝန်ထမ်း အင်အားများ ပြည့်စုံမှု ရှိစေရန် ဖြည့်ဆည်း ပေးခြင်းတို့ကို လုပ်ဆောင်၍ ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူ များ၏ ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များ အတွက် အဆင့်မြင့် ဝန်ဆောင်မှုများ ပေးနိုင်ရန် စီစဉ်ဆောင်ရွက် နေခြင်းဖြစ်သည်။

ထို့အပြင် ဓာတ်မှန် ရိုက်စက်၊ အီးစီဂျီစက်၊ အောက်ဆီဂျင် ပေးစက်၊ တခြား လိုအပ်သော ဆေးရုံသုံး ပစ္စည်းများနှင့် ဝန်ထမ်းအင်အား ကိုလည်း ထပ်မံတိုးမြှင့် ခန့်အပ် သွားမည် ဖြစ်သည်။ ထို့နောက် လိုအပ်ပါက အသေးစား ခွဲစိတ်ကုသမှုများ ဆောင်ရွက်နိုင်ရန် ခွဲစိတ်ခန်း အသစ်တစ်ခု တည်ဆောက်ကာ ခွဲစိတ်ခန်းသုံး ပစ္စည်း ကိရိယာများ အဆင်သင့် ဖြည့်ဆည်း ပေးထားမည် ဖြစ်သည်။ 

အဆိုပါ တက္ကသိုလ်များဆေးရုံ အဆင့်မြှင့် တင်ခြင်းကို ပညာရေးဝန်ကြီး ဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ် ဆောင်ရွက်ခြင်း ဖြစ်ပြီး ၂ဝ၁၅ ခုနှစ်အတွင်း အပြီးသတ် လုပ်ဆောင် သွားမည် ဖြစ်သည်။

တက္ကသိုလ်များ ဆေးရုံ (ရန်ကုန်) ကို ၁၉၂၈ ခုနှစ်က စတင်ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ၄င်းဆေးရုံ၌ ဆရာဝန် ရှစ်ဦး၊ သူနာပြု ခြောက်ဦးနှင့် တခြားသော ကျန်းမာရေး ဝန်ထမ်း ၃၆ ဦးတို့ တာဝန် ထမ်းဆောင်လျက် ရှိကာ နေ့စဉ်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြင်ပလူနာ များအား အခမဲ့ ဆေးကုသ ပေးလျက် ရှိကြောင်း သိရသည်။

ဆောင်းဦး

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment