Pages

Sunday, March 1, 2015

ရန်ကုန်မျက်စိဆေးရုံကြီး တိုးချဲ့တည်ဆောက်ရန် စီစဉ်လျက်ရှိ



ရန်ကုန် ၊ ၁-၃-၂ဝ၁၅

ရန်ကုန် မျက်စိဆေးရုံကြီး ၌ လာရောက် ကုသသူများပြား လာခြင်းကြောင့် လက်ရှိ အဆောက်အအုံ များမှာ လုံလောက်မှု မရှိတော့သည့် အတွက် အဆောင်တိုးချဲ့ တည်ဆောက်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန် မျက်စိဆေးရုံကြီး မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။
.
အဆိုပါ ဆေးရုံကြီး၌ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး နောက်ပိုင်းတွင် လာရောက် ပြသသည့် လူနာ အရေအတွက်မှာ လေးဆခန့် အထိ များပြား လာသဖြင့် လူနာများ အဆင်ပြေစွာ ဆေးဝါးကုသ မှုခံယူနိုင်ရန် အဆောင်သစ် ထပ်မံတိုးချဲ့ တည်ဆောက် ပြင်ဆင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။
.
အထွေထွေရောဂါကု ဆေးရုံကြီး များ၌ မျက်စိကုသသည့် ဆေးဌာနများ ဖွင့်လှစ် ပေးထားသော်လည်း မြန်မာနိုင်ငံ၌ မျက်စိ ကုသသည့် ဆေးရုံသီးသန့် အနေဖြင့် ရန်ကုန် မျက်စိဆေးရုံကြီး (ပုံ) တစ်ခုသာ ရှိကြောင်း၊ မျက်စိကုသ လိုသည့် လူနာများ အနေဖြင့် ဆေးဝါးအခမဲ့ ရရှိသည့်အပြင် ဆေးရုံ၌ ဆရာဝန်များ၏ ဂရုစိုက် ကုသပေးမှု နှင့် စက်ပစ္စည်း စုံလင်မှု များကြောင့် ရန်ကုန် မျက်စိဆေးရုံကြီး ကို လာရောက် ကုသနေသည့် အတွက် ဆေးကုသဆောင် အသစ်အား အမြန်ဆုံး တည်ဆောက်နိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

မျက်စိရောဂါ ကုသရာတွင် မျက်ကြည်လွှာ၊ ရေတိမ်၊ အာရုံလွှာ၊ ပြုပြင်မှုဆိုင်ရာ မျက်စိရောဂါ၊ ကလေးသူငယ် ဆိုင်ရာ မျက်စိရောဂါ နှင့် ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ မျက်စိရောဂါ ဘာသာရပ်ဟူ၍ ဘာသာရပ် ခြောက်ခု ရှိကြောင်း၊ မြန်မာနိုင်ငံ၌ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ မျက်စိရောဂါ ဘာသာရပ်မှ လွဲ၍ ကျန်ဘာသာရပ်များ အားလုံးနှင့် သက်ဆိုင်သော ရောဂါများကို ပြည်တွင်းတွင် ကုသပေး နိုင်ကြောင်း အဆိုပါ မျက်စိ ဆေးရုံကြီးမှ ပါမောက္ခက ပြောသည်။
.
မျက်စိနှင့် ပတ်သက်သည့် ကုသရေး လုပ်ငန်းစဉ်များကို အိမ်နီးချင်း နိုင်ငံများ ဖြစ်သည့် စင်ကာပူနှင့် ထိုင်းနိုင်ငံများ နည်းတူ ရောဂါကုသမှု များအား အဆင့်မြင့် နည်းပညာ များဖြင့် ကုသနိုင်ရန် ကြိုးစား လုပ်ဆောင်နေပြီး လက်ရှိအချိန်တွင် မျက်စိနှင့် ပတ်သက်သည့် ခွဲစိတ်ကုသမှု တော်တော် များများကို မြန်မာနိုင်ငံ၌ လုပ်ဆောင်ပေး နေပြီ ဖြစ်ကြောင်း သိရသည်။
.
မျက်ကြည်လွှာ ခွဲစိတ်ကုသမှု အပိုင်းတွင်လည်း မြန်မာနိုင်ငံ၌ အောင်မြင်စွာ လုပ်ဆောင်ပေး နေပြီ ဖြစ်ကြောင်း၊ ယခင်က မျက်ကြည်လွှာ ခွဲစိတ်ကုသမှု များကို ပြည်ပနိုင်ငံများသို့ သွားရောက်၍ လုပ်ဆောင်ပေး ခဲ့ရကြောင်း သိရသည်။ (၄၄၈)
.
#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment