Pages

Monday, February 23, 2015

တောင်သမန်အင်းအတွင်း ငါးမျိုးစိတ် ပြုန်းတီးမှုတွင် အသားစားငါး ကျက်စားမှုသည် အကြောင်းရင်းတစ်ရပ် အဖြစ်ပါဝင်



မန္တလေး ၊ ၂၃-၂-၂၀၁၅

မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့မှ တောင်သမန်အင်း အတွင်း၌ အသားစားငါး တစ်မျိုးဖြစ်သော တီလားဗီးရား ငါးမျိုးမှာ အများဆုံး ဖြစ်နေပြီး ထို အခြေအနေမှာ ငါးမျိုးစိတ် ပြုန်းတီးမှု အတွက် အချက်တစ်ချက် အဖြစ် ပါဝင်နေကြောင်း GEGG Fourth Forum တွင် ငါးလုပ်ငန်းနှင့် ပတ်သက်၍ တင်သွင်းခဲ့သည့် စာတမ်းရှင် တစ်ဦးက ပြောပြသည်။

ငါးလုပ်ငန်းရှင် များသည် ကန်အတွင်းသို့ ငါးမွေးမြူရန် အတွက် ငါးမျိုးစိတ်များ ထည့်သွင်းချိန်တွင် အသားစား ငါးများ ထည့်သွင်း မှုကြောင့် ယခင် ရှိခဲ့သော ငါးမျိုးစိတ်များ ပျောက်ကွယ် သွားပြီး အသားစား ငါးများသာ ပိုမိုများပြား လာကြောင်း သိရသည်။

ငါးမွေးမြူရေး ကဏ္ဍ၌ ငါးမျိုးစိတ် ရွေးချယ်မှုမှာ အရေးကြီးပြီး ဒုတိယ အချက် အနေဖြင့် ရေ အရည်အသွေး သည် အရေးကြီးကြောင်း၊ တောင်သမန်အင်း သည် ၁၉၇၁ ခုနှစ်က ငါးမျိုးစိတ်ပေါင်း ၆ဝ ခန့် ရှိခဲ့သော်လည်း ယခုအခါ မျိုးစိတ် ပေါင်း၂၅ မျိုးခန့်သာ ကျန်ရှိ တော့ကြောင်း သုတေသန မှတ်တမ်းများ အရ သိရသည်။

တောင်သမန်အင်း အတွင်းရှိ ရေနေသတ္တဝါ အများစုမှာ ယခုအခါ မျိုးသုဉ်း ပျောက်ကွယ်လု နီးပါး ရှိလာပြီး အချိန်မီ ပြုပြင် ထိန်းသိမ်းမှုများ လိုအပ်လာပြီ ဖြစ်ကြောင်း မန္တလေး တက္ကသိုလ် သတ္တဗေဒဌာန မှ ဒေါက်တာ ဝင်းမာ က ပြောပြသည်။

ငါး၊ ပုစွန်မွေးမြူရေး တွင် မန္တလေးမြို့ရှိ ငါးကန်များ အနက် တောင်သမန်အင်း သည် ရေ၊ မြေ ဧရိယာ အကျယ်ပြန့်ဆုံး ဖြစ်ပြီး နေ့စဉ် ငါးဖမ်း လုပ်ငန်းကို အင်းလေလံ ရရှိသူနှင့် အနီး ဝန်းကျင်ရှိ ကျေးရွာများမှ ရေလုပ်သား များက လုပ်ကိုင်လျက် ရှိပြီး ငါးဖမ်းသည့် စနစ် မမှန်ကန်မှု များကြောင့် ငါးမျိုးစိတ်များ ပြုန်းတီးမှု ဖြစ်ပေါ်လာပြီး အင်းအတွင်း၌ မကြာခဏ ငါးသေဆုံး မှုများလည်း ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

တောင်သမန်အင်း သည် မန္တလေးမြို့တွင် ထင်ရှားသော ရှေးဟောင်း သဘာဝ အမွေအနှစ် ဖြစ်ပြီး ပြုပြင် ထိန်းသိမ်းမှုများ ဆောင်ရွက် နေသော်လည်း ပတ်ဝန်းကျင် ညစ်ညမ်းမှု များကြောင့် ငါးမျိုးစိတ် ပြုန်းတီးမှုများ ဖြစ်ပေါ်နေ၍ ထိန်းသိမ်းရန် လိုအပ် နေကြောင်း သိရသည်။

မမာ

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment